တော်လှန်ရေးတပ်ဖွဲ့များမှ အာဏာသိမ်းစစ်တပ်ကို ပခုက္ကူမြို့နယ်အတွင်းမှ မြိုင်မြို့နယ်အထိ လိုက်လံချေမှုန်းတိုက်ခဲ့ရာ စစ်တပ်မှ တပ်မှူးများအပါအဝင် (၅၀) ထက်မနည်း သေဆုံးနိုင်ပြီး အများအပြားထိခိုက်ဒဏ်ရာများရရှိသွားကြောင်း သေဆုံးသွားသော စစ်သားအလောင်းများနှင့်အတူ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway – PDF) ကဇွန် ၂၄ ရက်၌ သတင်းထုတ်ပြန်သည်။
အာဏာသိမ်းစစ်တပ်မှ အင်အား ၄၀၀ ကျော်ပါသော ၎င်းစစ်ကြောင်းသည် ပခုက္ကူ တပ်မ (၁၀၁) မှ ထွက်လာပြီးနောက် မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ဒေသတွင်းမဟာမိတ်ညီအစ်ကိုများနှင့် ပူးပေါင်းကာ ပခုက္ကူမြို့နယ်တွင်းမှ မြိုင်မြို့နယ်တွင်းထိ လိုက်လံချေမှုန်းတိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုသို့တိုက်ခိုက်ရာတွင် မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာအရောက်တွင် မြန်မာစစ်တပ်မှ အထိနာ၍ တွင်းမပျူစခန်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ရန်သူ့တပ်မှူးများအပါအဝင် (၅၀) ထက်မနည်း သေဆုံးပြုန်းတီးနိုင်ပြီး အများအပြား ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း သေဆုံးသွားသော စစ်သားအလောင်းများနှင့်အတူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းပြင် ရန်သူ့ဘက်မှ ခဲယမ်းအများအပြားနှင့် စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ ယာဉ်ယန္တယားများကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။
ဒဏ်ရာရသူများကို သယ်ဆောင်ရန် တွင်းမပျူစခန်းသို့ ဆင်းသက်လာသော Mi 17 လေယာဉ်တစ်စီးကိုလည်း တော်လှန်ရေးပူးပေါင်းအင်အားစုများက အောင်မြင်စွာ တိုက်ခိုက်ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်းဖော်ပြသည်။
ပူးပေါင်းတိုက်ခိုက်မှုများကို မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းများ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ KG တပ်ဖွဲ့၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ၊ ပခုက္ကူ ပကဖ၊ ရေစကြို ပကဖ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပခုက္ကူခရိုင် (၂/၆/၇/၁၂ /၁၄/၁၅/၁၇/၁၈) တပ်ရင်းများ၊ တိုင်းပကဖစစ်ကြောင်း (၄)၊ ကမ္မတပ်ပေါင်းစု+ပြည်သူ့လုံခြုံရေးအင်အားစု (ကမ္မ)၊ PLC တပ်ပေါင်းစု၊ အညာမြေတပ်ပေါင်းစု၊ 8 + အင်အားစုနှင့် ဒေသတွင်းညီအစ်ကိုများက ညီညီညွတ်ညွတ် ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းဆက်လက်ဖော်ပြသည်။
စစ်ကောင်စီသည် ၎င်းတို့ချီတက်ရာ လမ်းကြောင်းတလျှောက်ရှိ ကျေးရွာများကို မီးရှို့ခြင်း၊ အပြစ်မဲ့ အရပ်သားပြည်သူများကို လည်လှီးသတ်ဖြတ်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေပြီး စုစုပေါင်း အိမ်ခြေ (၄၀) ကျော် မီးရှို့ခံရပြီး မသန်စွမ်းအမျိုးသား ၁ ဦးအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း (၅) ဦး ရက်စက်စွာ သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
စစ်ကောင်စီတပ်သည် ယခုထက် ပိုမိုရက်စက်နိုင်သဖြင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိ၊ စစ်ရေးအသိဖြင့် နေထိုင်ကြပါရန်နှင့် မည်သည့်နည်းနှင့်မျှ အဖမ်းမခံရရေး ကြိုတင်သတိထားရှောင်ရှားကြရန် အထူးတိုက်တွန်းအပ်ထားသည်။
နိရဉ္စရာ