ပခုက္ကူနှင့် မြိုင်မြို့နယ်အစပ်က စာသင်ကျောင်းဗုံးကြဲခံရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦးကျဆုံး

By MPM 6 မေ, 2025 👁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

မေလ ၅ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် ပခုက္ကူမြို့နယ်နှင့် မြိုင်နယ်အစပ်ဖြစ်သည့် ဇောင်ဂျမ်းကုန်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ၎င်းတို့က ပြောသည်။

ဒေသခံတစ်ဦးက “တစ်လုံးက စာသင်ကျောင်းပေါ် တည့်တည့်ကျတယ်။ တစ်လုံးက စာသင်ကျောင်းရဲ့ အနောက်ဘက်နားကို ကျတယ်။ အဲဒီမှာရှိနေတဲ့ ရပ်ကျေး ကာကွယ်ရေးအဖွဲ့တွေရော အကျအဆုံးရှိတာပေါ့” ဟု ပြောသည်။

စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲခဲ့သည့် ဇောင်ဂျမ်းကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းနှင့် ရွာနှင့်အနီးတဝိုက်တွင်လည်း စစ်ကောင်စီစစ်ကြောင်း ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

ယခုလိုတိုက်ခိုက်ခံရသည့်အတွက် ဒေသကာကွယ်ရေးအဖွဲ့များထဲမှ ရဲဘော် ၈ ဦး နေရာတွင်ပင်ကျဆုံးပြီး ၁ ဦးမှာ ဆေးရုံအရောက် ကျဆုံးသွားခဲ့သည်ဟု ဆိုသည်။

ဒေသခံပြည်သူများနှင့် အခြားရဲဘော်များလည်း အထိအခိုက်ရှိကြောင်း သိရသည်။

အလားတူ မေလ ၆ ရက်နေ့ နံနက် ၁၁ နာရီခန့်က ပခုက္ကူ စစ်ကောင်စီ တပ်မ ၁၀၁ မှတက်လာသည့် စက်တပ်လေထီး ပါရာမိုတာနှစ်စီးဖြင့် မြိုင်မြို့နယ်အရှေ့ခြမ်းကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။