နေရပ်မပြန်နိုင်သေးတဲ့ ဆီဆိုင်က စစ်ရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်နိုင်

By MPM 30 အောက်တိုဘာ, 2025 👁

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များအတွက် အလှူရှင်မရှိသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်နိုင်သည့်အဆင့်ရောက်နေကြောင်း သတင်းရရှိသည်။

ယခုနှစ် ဇွန်လ (၆) ရက်တွင် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုထဲမှ ကောင်ထိုကျေးရွာ၊ စလောင်းထောင်ကျေးရွာ၊ နောင်ဘိုကျေးရွာနှင့် နောင်ထော်ကျေးရွာအုပ်စုထဲမှ တပူထိုးကျေးရွာ၊ လွယ်ငွန်းကျေးရွာ၊ ပင်စက်ကျေးရွာ၊ တောင်ရှေ့ကျေးရွာ မှ ဒေသခံ စုစုပေါင်း (၆၀၀၀) ကျော်ကို PNO က အကြောင်းပြချက်မရှိ ရွှေ့ပြောင်းခိုင်းခဲ့သည်။

ထို့နောက် ဩဂုတ်လ ၉ ရက်တွင် ဆီဆိုင်မြို့နယ် နောင်ထောင်ကျေးရွာ၌ အာဏာသိမ်းစစ်တပ်နှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA) တို့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်တော် (PNLA) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နောင်ထောင်အပါအဝင် အနီးနားကျေးရွာများကို PNO/PNA က သိမ်းယူနိုင်ခဲ့သည်။

PNO/PNA သိမ်းပိုက်နိုင်ပြီးနောက်ပိုင်း စစ်ဘေးရှောင်အများအပြားနေရပ်ပြန်နိုင်ခဲ့သော်လည်း စစ်ရေးနှင့် မြေမြှုပ်မိုင်းများ စိတ်မချသည့်သူများ၊ ကလေးများ၏ပညာရေးကြောင့် စစ်ဘေးရှောင် ၄၀၀ ကျော် နေရပ်မပြန်နိုင်သေးပေ။

လက်ရှိ စစ်ဘေးရှောင်သည် ဆီဆိုင်မြို့၊ ဟိုခဲကျေးရွာ၊ ဘုရားဖြူကျေးရွာနှင့် အောင်ချမ်းသာကျေးရွာများတွင် ဆက်လက်နေထိုင်ကြသည်။

“ကျမတို့ အခြေအနေကို စောင့်ကြည့်နေတာ။ စိတ်မချရသေးလို့မပြန်သေးဘူး။ ကျမတို့ မိသားစု (၇) ဦးရှိတယ်။ တရက်ကို နို့ဆီးဗူး ၃ ဗူးနဲ့ ခြံထဲက အရွက်တွေနဲ့ပဲ စားနေကြတာ” ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုစစ်ဘေးရှောင်များသည် နေ့စားလိုက်သည့် လုပ်ငန်းကို လုပ်ကိုင်ကြောင်း၊ နေ့စားလိုက်ခြင်းသည်လည်း နေ့စဉ်နဲ့အမျှမရှိကြောင်း၊ သွားရောက်လုပ်ကိုင်ရသည့် နေ့တွင် တရက်လျှင် တစ်သောင်း သုံးထောင် ကျပ် ရရှိကြောင်း သိရသည်။

သို့သော် လက်ရှိ မြန်မာနိုင်ငံ၏ ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ကြက်ဉတစ်လုံးလျှင် ၅၀၀ ကျပ်ထိမြင့်တက်နေပြီး၊ အညံ့ဆုံးဆန် စျေးနှုန်းသက်သာသည့်ဆန် တပြည်( နို့ဆီဗူး ၈ ဗူး) သည် ကျပ်ငွေ လေးထောင်ပေးဆောင်ရသည်။

“ကုန်စျေးနှုန်းကလည်းမြင့် နေ့စားကလည်းနေ့တိုင်းမလိုက်ရဘူးလေ။ ကြာကြာလေမှ တခါဆိုတော့ ချွေတာစားပြီး အဟာရပြည့်အောင်မစားရဘူး။ အရွက်ပြုတ်နဲ့စားရတာ။ စစ်ရှောင်ကူညီတဲ့သူလည်း မရှိဘူးလေ” ဟု ၎င်းအမျိုးသမီးက ပြောသည်။

အောက်တိုဘာ လဆန်းပိုင်းမှ စတင်ကာ သျှမ်း-ကရင်နီနယ်စပ်တကြော ဖယ်ခုံမြို့နယ်၊ မိုးဗြဲတလျောက်တွင် စစ်ရေးပြန်ပြန်လည်ဖြစ်ပွားလာသည်။

“တိုက်ပွဲကလည်း ပြန်ဖြစ်နေတာရှိတော့ နေရပ်ပြန်ဖို့ခက်တယ်။ နောက် စစ်ရှောင်တွေက တစုတစည်းတည်းမနေကြဘူး။ အိမ်ငှားသူက ငှား၊ တဲထိုးနေသူကနေ အမျိုးတွေအိမ်မှာနေတဲ့သူကနေဆိုတော့ ပြန့်ကျဲနေကြတာ” ဟု စစ်ဘေးရှောင် ကူညီသည့် အမျိုးသားတစ်ဦးက ပြောသည်။

ယခုလက်ရှိ ဆီဆိုင်မြို့တွင် PNO နှင့် အာဏာသိမ်းစစ်တပ်က နယ်မြေစိုးမိုးထားပြီး ဆီဆိုင်-လွိုင်ကော် သွားလမ်းကိုလည်း ဂိတ် ၁၀ ခုထက်မနည်း ချထားကာ အစစ်ဆေးတင်းကြပ်ထားကြောင်း သိရသည်။

သျှမ်း-ကရင်နီ (ကယား) နယ်စပ် ဖယ်ခုံးမြို့သို့ နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များသည် စိတ်လုံခြုံမှုမရှိသဖြင့် ဘုန်းကြီးကျောင်းတွင် သွားရောက်စုပြီး အိပ်နေရကြောင်းသိရသည်။

သျှမ်းသံတော်ဆင့်