နေရပ် မပြန်နိုင်သေးသည့် မောတောင်မှ ဒုက္ခသည်များ ထိုင်းဘက်တွင် နေထိုင်ရန်လည်း အခက်တွေ့နေ

By MPM 27 နိုဝင်ဘာ, 2025 👁

တနင်္သာရီတိုင်း ဒေသကြီး၊ မြန်မာ-ထိုင်းနယ်စပ်ရှိ အရေးပါသော ကုန်သွယ်ရေးမြို့ဖြစ်သည့် မောတောင်မြို့သိမ်း တိုက်ပွဲ ကြောင့် တိမ်းရှောင်ခဲ့ရသည့် ဒေသခံ ၃,၀၀၀ ဝန်းကျင်သည် နေရပ်သို့ ပြန်၍မရသည့်အပြင် ထိုင်းဘက်ခြမ်းတွင်ပါ ဆက်လက်ခိုလှုံရန် ခက်ခဲနေသည်ဟု အကူအညီပေးနေသူများက ပြောသည်။

မောတောင်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် ပူးပေါင်းတပ်က နိုဝင်ဘာ ၁၄ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သော်လည်း၊ မြို့၏ အဓိကလမ်းမကြီးပေါ်ရှိ သိန်ခွန်းနှင့် သဲဖြူကျေးရွာတို့တွင် နိုဝင်ဘာလ ၁၅ ရက်နေ့မှစ၍ ယနေ့အထိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။

အာဏာသိမ်းစစ်တပ်သည် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေခြင်းတို့ကြောင့် ဒေသခံများသည် မြို့ထဲသို့ ပြန်လည်ဝင်ရောက်နေထိုင်ရန် စိုးရိမ်ကြောက်ရွံ့ နေကြရသည်။

ခုနှစ်စင်ကြယ်အဖွဲ့ (မြိတ်ခရိုင် စစ်ဘေးရှောင်ကူညီရေး) အဖွဲ့ဝင် ကိုဘလက်က “မောတောင်မြို့အဝင်ဖြစ်တဲ့ သိန်ခွန်းနဲ့ သဲဖြူဆိုတဲ့ကျေးရွာတွေမှာက လက်ရှိအချိန်အထိ တိုက်ပွဲတွေ အရမ်းကြီး ပြင်းထန်နေဆဲဖြစ်တယ်။ အဲ့နှစ်ရွာမှာ စစ်တိုက်နေခြင်းက မောတောင်မြို့ကို ပိတ်ဆို့လိုက်သလို ဖြစ်တယ်ပေါ့နော်။ အကယ်၍ စစ်ရှောင်တွေက မြို့ထဲကိုပြန်ဝင်ပြီးနေမယ်ဆိုရင် ကျနော်တို့ လေယာဉ်ကို ကြောက်ရတဲ့အနေအထား စိန်ခေါ်မှု ဖြစ်နေတယ်ပေါ့နော်” ဟု ပြောသည်။

မောတောင်မြို့ဒေသခံ ၁,၄၀၀ ဦးကျော်သည် နိုဝင်ဘာလ ၁၁ ရက်နေ့မှ စ၍ မြန်မာ – ထိုင်းနယ်စပ်ရှိ အလယ်ဂိတ်တွင် တိမ်းရှောင်နေထိုင်ခဲ့ကြသည်။

သို့သော်လည်း စစ်ရှောင်များက အမှိုက်များကို စနစ်တကျ မစွန့်ပစ်ခြင်း၊ ယာယီတဲဆောက်လုပ်ရာတွင် ထိုင်းပိုင် သစ်များကို ခုတ်ယူခြင်းတို့ကြောင့် ထိုင်းအာဏာပိုင်တို့က နိုဝင်ဘာလ ၂၄ ရက်နေ့မှစ၍ နေရပ်ပြန်ခိုင်းသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။

ထို့ကြောင့် စစ်ရှောင်အချို့သည် လေကြောင်းအန္တရာယ်ကို စိုးရိမ်စိတ်ဖြင့်ပင် မြန်မာဘက်ခြမ်းရှိ လုံခြုံသည့် နေရာများသို့ ပြန်လည်ပြောင်းရွှေ့နေကြရသည်ဟု ကိုဘလက်က ဆက်ပြောသည်။

“အဓိကအားဖြင့်က ထောင်နဲ့ချီတဲ့လူဦးရေတွေက အနီးနားဝန်ကျင်မှာ ယာယီတဲတွေဆောက်ဖို့အတွက် သစ်ခုတ်တဲ့ဟာသည် ထိုင်းရဲ့သစ်တွေ တော်တော်များကိုလည်း ခုတ်တဲ့ဟာထဲမှာ ပါသွားတယ်ပေါ့နော်။ ဆိုတော့ အဲ့လို အခြေအနေမျိုးဖြစ်တဲ့အခါကြတော့ ထိုင်းအာဏာပိုင်တွေက လူဦးရေလျော့ပါးသွားအောင် လုပ်လိုက်တဲ့ဟာမျိုးပဲ ကျနော်ထင်တယ်”

မောတောင်မြို့အနီး တောထဲနှင့် ဥယျာဉ်ခြံများထဲတွင် တိမ်းရှောင်နေရသူ ၇၀၀ ကျော်ရှိပြီး၊ အာဏာသိမ်းစစ်တပ်၏ ရမ်းသန်းပစ်ခတ်မှုများကြောင့် နေရပ်မပြန်ရဲကြသေးပေ။

ကမ်းမယ့်လက်အဖွဲ့ဝင် ကိုပိုင်ကိုဦးက “ပြန်ဝင်လို့ မရသေးဘူးဆိုတာ စစ်ကြောင်းလည်း အမြဲတမ်းထိုးတယ်။ ရဟတ်ယာဉ် ဂျက်ဖိုက်တာနဲ့ ရမ်းသမ်းပစ်လာနေတယ်။ လေယာဉ်နဲ့ ဗုံးကြဲတယ်။ လူရှိတဲ့နေရာတွေကြဲတယ်။ အဲ့တာက အမြဲတမ်း တွေ့မြင်နေရတာကိုးနော်။ ဘယ်လောက် ကြာကြာစစ်ရှောင်ရမလဲ ဆိုရင် အနည်းဆုံး ၂ လ ဝန်းကျင်လောက်မှာ ရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအတွက် အစားအစာ ရိက္ခာခြောက်များ၊ စောင်၊ အနွေးထည်များအပြင် ကလေးများအတွက် နို့မှုန့်နှင့် နို့တိုက်ပစ္စည်းများပါ အဓိက လိုအပ်နေကြောင်း အကူအညီပေးနေသူများက ပြောသည်။

အာဏာသိမ်းစစ်တပ်ဘက်က မောတောင်မြို့ကို နည်းအမျိုးမျိုးဖြင့် ပြန်လည်ရယူရန် ကြိုးပမ်းနေခြင်းကြောင့် ဒေသခံ ပြည်သူများအနေဖြင့် ပိတ်ဆို့မှုဒဏ် အမျိုးမျိုးကို ရင်ဆိုင်လာရနိုင်သည်ဟု ကိုဘလက်က ပြောသည်။

ထို့ကြောင့် စစ်ရှောင်အရေးကို အားစိုက်လုပ်ဆောင်ရန်အတွက် သက်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအဖွဲ့များ၊ NGO အဖွဲ့အစည်းများနှင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အဖွဲ့အစည်းများအနေဖြင့် မောတောင် စစ်ဘေးရှောင်များကို ကူညီပေးကြရန်နှင့် ဝိုင်းဝန်းအသံထုတ်ပေးကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

သတင်းနှင့် မီဒီယာ ကွန်ရက်