နိုင်ငံရေးအခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်လိုသူများကို MSFC စတင်လက်ခံပြီ

By MPM 28 ဖေ‌ဖော်ဝါရီ, 2024 👁

နိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင့် ထွက်ပြေးတိမ်းရှောင်လိုသည့် လူငယ်နှင့် ဒေသခံပြည်သူတို့ကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) မှ စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် MSFC နှင့် ချိတ်ဆက်လာသူတို့ကို ကိုယ်ရေးအချက်အလက် စိစစ်ပြီး သွားလိုသည့် ပညာရေး၊ သက်မွေးဝမ်းကျောင်းနှင့် တော်လှန်ရေး စသည့် နယ်ပယ်အသီသီးတို့နှင့် ချိတ်ဆက် ဆောင်ရွက်ပေးလျှက် ရှိကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီမှ တာဝန်ရှိသူ မိသောတဇဝ်က ပြောဆိုသည်။

“ကျမတို့ သတ်မှတ်ထားတဲ့ နေရာကို ကိုယ့်အဆက်သွယ်နဲ့ ကိုယ်လာရမှာပါ။ ပြီးတော့မှ ကိုယ်ရေးအချက်အလက် တွေ သူတို့ဖြစ်ချင်တဲ့ဆန္ဒ္ဒတွေ မေးမြန်းပြီး တပတ်လောက် စောင့်ရှောက်ထားမယ်။ ပြီးတော့မှ သူတို့သွားလိုတဲ့ လွပ်မြောက်နယ်မြေမှာ ရှိတဲ့ ပညာရေး၊ ကျန်းမာရေး၊ သက်မွေးဝမ်းကျောင်းလို နေရာမျိုးကို ဆက်သွယ်ပို့ဆောင် ပေးသွားမှာပါ” ဟု ၎င်းက ဆိုသည်။

သို့သော် ထိုင်းနိုင်ငံဘက်သို့ သွားရောက်ခိုလှုံလိုသူတို့ကို တာဝန်ယူ ဆောင်ရွက်ပေးသွားမည် မဟုတ်ကြောင်း ၎င်းက အသိပေးပြောဆိုသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်လာပြီးနောက် လူငယ်များ၏ လုံခြုံရေးအတွက် မိဘတို့ကိုယ်တိုင် လာရောက် တောင်းဆိုလာခြင်းကြောင့် MSFC အနေဖြင့် ယခုကဲသို့ အကောင်ထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းလည်း မိသောတဇဝ်က ပြောပါသည်။

“အခုလို ထလုပ်ရတာလည်း ကျမတို့ကိုယ်တိုင်က အရမ်းပြည့်စုံနေတာ မဟုတ်ပါဘူး။ မိဘတွေရဲ့ တောင်းဆိုမှုတွေကို ကျမတို့က လျစ်လျူမရှုနိုင်ဘူးပေါ့။ ပြီးတော့ လူငယ်တွေက ကျမတို့ရဲ့ အနာဂတ် ဖြစ်တဲ့အတွက် အခုလိုအချိန်မှာ ကူညီသင့်တယ်လို့ ကျမထင်တယ်ပေါ့” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် လူငယ်တို့ စစ်အာဏာရှင်စနစ်အောက်မှ ရုံးထွက်ပြီး မှန်ကန်သည့်ဆုံးဖြတ်ချက် ချမှတ်ကြရန်လည်း MSFC က တိုက်တွန်းထားသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီက ပြဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒေကြောင့်ဖြစ်စေ စစ်ရေးအခြေအနေကြောင့်ဖြစ်စေ လွတ်မြောက်ရာသို့ ခိုလှုံလိုလျှင် မွန်ပြည်ဖက်ဒရယ်ကောင်စီသို့ ချိတ်ဆက် မေးမြန်းနိုင်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဆက်သွယ်ရမည့် ဖုန်းနံပါတ်နှင့်တကွ MSFC က ထုတ်ပြန်ထားပါသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) သည် စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တော်လှန်ရေး အဖွဲ့အစည်းများထဲမှ မွန်လူမျိုးနှင့် မွန်ပြည်နယ်ကို ကိုယ်စားပြု ဖွဲ့စည်းထားသည့် တော်လှန်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

လတ်တလောတွင် MSFC အနေဖြင့် စစ်ရှောင်ဒေသရှိ စာသင်ကျောင်းများ၊ စစ်ဘေးရှောင် အမျိုးသမီးနှင့် ကလေးများ၊ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကူညီထောက်ပံ့ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

IMNA ပေးပို့သည်။