သျှမ်းပြည်၊ သီပေါမြို့နယ် နမ့်လန်မြို့အနီး စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ နှစ်ဘက်တိုက်ပွဲအကြား ခရီးသည် ၂ ဦး သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားကြောင်း နမ့်လန်ဒေသခံများက ပြောသည်။
နမ့်လန်မြို့အနီး နားမခေါ်နှင့် ကောင်းဟက်ကျေးရွာ အကြား စက်တင်ဘာ ၂၉ ရက်နေ့ ည ၉ နာရီကျော်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဖြတ်သန်းသွားလာသည့် ခရီးသည်တင်ကားများလည်း သေနတ်ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။
“တိုက်ပွဲ ရုတ်တရက်ဖြစ်ပြီးတော့ ခရီးသည်ကားတွေ သွားလာနေရင်း သေနတ်မှန်တာ။ ခရီးသည်နှစ်ယောက် သေနတ်ပစ်ခံရပြီး သေတာကတော့ သေချာတယ်။ နားမခေါ်နဲ့ ကောင်းဟက်ကြားထဲ ကိုးကန့်နဲ့ စစ်တပ်တိုက်ပွဲမှာ ဖြစ်တာ။ နမ့်လန်ဘက် လမ်းပေါက်နေတော့ လားရှိုးစစ်ရှောင်တွေလည်း အဲ့ဘက်ပြေးနေကြတာ” ဟု နမ့်လန်မြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
နမ့်လန်မြို့အနီး စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲအကြား ဖြတ်သန်းသွားလာသည့် ကားပေါ်တွင် ပါလာသည့် ခရီးသည် ၂ ဦး သေနတ်ကျည်ထိမှန် သေဆုံးသည့်အပြင် အမျိုးသမီး ၂ ဦး အပါအဝင် စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။
လက်ရှိတွင် လားရှိုး – တောင်ကြီး ပြေးဆွဲနေသည့် ခရီးသည်တင်ကားများကိုလည်း နမ့်လန်မြို့ နားမခေါ်နှင့် ကောင်းဟက်ကျေးရွာကြားရှိ စစ်ကောင်စီတပ်က ယာဉ်ဖြတ်သန်းခ အဆမတန်ကောက်ခံနေပြီး ညအချိန်မှ ဖြတ်သန်းခွင့်ပြုခြင်းကြောင့် လမ်းခရီးအခြေအနေ စုံစမ်းပြီးမှ သွားလာသင့်ကြောင်း ကားသမားများက ပြောဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်မှစတင်ပြီး နမ့်လန်-သီပေါ လမ်းပိုင်းကို စစ်ရေးအခြေအနေကြောင့် စစ်ကောင်စီတပ်က နားမခေါ်ရွာအနီးတွင် ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့တာကြောင့် အရေးပေါ်သွားလာရန် အခက်အခဲများ ကြုံတွေ့နေကြောင်း ဒေသခံများက ပြောသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။