နတ်ရေကန်ဗျူဟာကုန်းသို့ ရိက္ခာလာချသည့် ပါရာမော်တာကို ပစ်ချနိုင်ခဲ့ဟု AA ပြော

By MPM 31 အောက်တိုဘာ, 2026 👁 44

ရခိုင်ပြည်နယ်၊ နတ်ရေကန်ဗျူဟာကုန်းသို့ ခဲယမ်းနှင့် ရိက္ခာလာချသည့် စစ်အုပ်စု၏ ပါရာမော်တာ တစင်းကို အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းတွင် ပစ်ချနိုင်ခဲ့ပြီး ယာဉ်နှင့်အတူပါလာသည့် ခဲယမ်းနှင့် ရိက္ခာအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။

အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်အရ ယမန်နေ့ (အောက်တိုဘာ ၃၀ ရက်) နံနက် ၈ နာရီခန့်တွင် နတ်ရေကန်ဗျူဟာကုန်းသို့ ခဲယမ်းနှင့် ရိက္ခာလာချသည့် စစ်အုပ်စုတပ်၏ ရာမော်တာတစင်းကို အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များက ပစ်ချခဲ့ခြင်းဖြစ်ပြီး ယာဉ်နှင့်အတူပါရှိသည့် ခဲယမ်းနှင့် ရိက္ခာအချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

နတ်ရေကန်ဗျူဟာကုန်းပတ်ဝန်းကျင်သည် အာရက္ခတပ်တော်က ဝိုင်းပတ်ပိတ်ဆို့ထားသည့် စစ်မျက်နှာတခုဖြစ်ပြီး နှစ်ဖက်တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာနှင့် အောက်တိုဘာလများအတွင်း စစ်တွေစစ်မျက်နှာ၌ စစ်အုပ်စုတပ်၏ ထိုးစစ်များကြောင့် တိုက်ပွဲများ ပြင်းထန်နေပြီး အာရက္ခဒေသနှင့် ထိစပ်နေသည့် အခြားစစ်မျက်နှာများတွင်လည်း တိုက်ပွဲများ ပုံမှန်ဖြစ်ပွားနေကြောင်း AA က ဆိုသည်။

အောက်တိုဘာ ၂၆ ရက်ကလည်း စစ်တွေစစ်မျက်နှာ ရေကြောင်းစစ်ဆင်ရေးအတွင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး ယခုဖြစ်စဉ်သည် စစ်အုပ်စု၏ စစ်ဘက်ဆိုင်ရာ လေကြောင်းတိုက်ခိုက်ရေးနှင့် ထောက်ပံ့ရေးယာဉ်တစင်းကို ဒုတိယအကြိမ်မြောက် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။

မဇ္ဈိမ