ဓမ္မသရွာဒေသခံများ ယာယီနေအိမ်အတွက် အမိုးအကာပစ္စည်းလိုအပ်နေ

0
194

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသရွာတွင် ယခုနှစ်ဇွန်လအတွင်း နေအိမ်မီးလောင်ခံရသည့် စစ်ဘေးရှောင်ဒေသခံ ၃ ပုံ ၁ ပုံခန့်သည် နေရပ်သို့ ပြန်လည်ရောက်ရှိလာပြီး ယာယီနေထိုင်ရန် ကိုယ်ထူကိုယ်ထစနစ်ဖြင့်သာ ဆောင်ရွက်နေရပြီး အမိုးအကာပစ္စည်းများလည်း လိုအပ်လျှက်ရှိသည်ဟု ဒေသခံများက ပြောဆိုသည်။

တိုက်ပွဲနှင့် နေအိမ်မီးလောင်မှုကြောင့် ၃ လဝန်းကျင် စစ်ရှောင်နေရသည့် ဒေသခံများ နေရပ်ကို ပြန်ဝင်လာကြသော်လည်း ယာယီနေအိမ်ဆောက်လုပ်ရန် အမိုးအကာပစ္စည်း လိုအပ်လျှက်ရှိနေကြောင်း ဓမ္မသရွာဒေသခံတစ်ဦးက ပြောသည်။

“နေအိမ်မီးလောင်တဲ့သူတွေက ယာယီအိမ်နဲ့ ၂၀ အိမ် ဝန်းကျင်ဆောက်ပြီး နေနေတာရှိတယ်။ တချို့က ဆွေမျိုးအိမ်မှာ လိုက်နေတယ်။ ကိုယ်ထူကိုယ်ထပဲ ဆောက်လုပ်နေတယ်ဆိုတော့ အကုန်ကျလဲများတယ်။ ဖက်ဆိုလဲ ရှာရမလွယ်ဘူး၊ မိုးရာသီမှာ ပိုအခက်အခဲဖြစ်တယ်။ အကုန်လုံး မီးလောင်သွားတာဆိုတော့ သေးသေးလေးကအစ ပြန်ဖြည့်ဝယ်ရတယ်” ဟု ၎င်းက ဆိုသည်။

ဓမ္မသရွာအတွင်း ယာယီနေအိမ် မဆောက်လုပ်နိုင်သူတို့သည် ရွာအတွင်းရှိ ဆွေးမျိုးမိဘအိမ်တို့တွင် လိုက်လံနေထိုင်ရပြီး ကျောင်းနေအရွယ်ကလေးတို့ကို ပညာဆက်သင်စေလိုခြင်းကြောင့် နေရပ်ပြန်လာ ကြသည်ဟုလည်း စစ်ရှောင်ဒေသခံတို့က ဆက်ပြောသည်။

လက်ရှိဇွန်လ ဒုတိယအပတ်မှစ၍ ဓမ္မသရွာအတွင်းရှိ စာသင်ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ခဲ့သော်လည်း အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းသားအများစု မြို့ပေါ်သို့ ပြောင်းရွှေ့သွားခြင်းကြောင့် မူလတန်း ကျောင်းသားကျောင်းသူ ၁၀၀ ဝန်းကျင်ခန့်သာ တက်ရောက်နေသည်ဟု ရွာခံတို့ပြောဆိုမှုအရ သိရသည်။

အလားတူ ဓမ္မသကျေးရွာအနီးရှိ ကျွန်းကုန်းပိုင်းရွာတွင်လည်း နေအိမ်အလုံး ၄၀ ကျော် မီးလောင်းပျက်စီးသွားခဲ့ပြီး နေရပ်ပြန်ဝင်လာသူ အများစု ကျးရွာဘုန်းကြီးကျောင်းအတွင်းသာ နေထိုင်နေရသည်ဟု ဒေသခံများက ပြောသည်။

“အများစုကတော့ ထိုင်းဘက်ကိုပဲ ထွက်သွားကြတယ်။ ပြန်လာတဲ့သူတွေက ဘုန်းကြီးကျောင်းမှာ နေနေတာ ရှိမယ်၊ တဲအိမ်လေးတွေ ဆောက်ပြီး နေတာလည်း ရှိတယ်။ အမိုးမိုးနိုင်တဲ့သူတွေကတော့ သေချာမိုးနေပေမဲ့ တချို့ကတော့ ပတ်တူတွေလောက်နဲ့ပဲပေါ့"ဟု ဒေသခံတစ်ဦး ပြောဆိုသည်။

မွန်-ကရင် ဂျိုင်းမြစ်တလျှောက် နေအိမ်မီးလောင်ခံသူများကို ကူညီထောက်ပံ့မှု မရှိသလောက် နည်းပါးနေ ခြင်းကြောင့် မိုးရာသီအတွင်း နေရာထိုင်ခင်း ခက်ခဲလျှက်ရှိသည်ဟု သိရသည်။

စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့မှ စ၍ တိုက်ပွဲပြင်းထန် ခဲ့သဖြင့် စစ်ကောင်စီမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဂျိုင်းမြစ်ဝှမ်းတလျှောက် အိမ်ခြေ ၄၁၆ လုံး မီးလောင်ပျက်စီးခဲ့ရသည်ဟု စစ်ဘေးရှောင်ကူညီရေးဆိုင်ရာအဖွဲ့ ထုတ်ပြန်ထားချက်အရ သိရသည်။

နေအိမ်မီးလောင်ခံရသည့် ဒေသခံများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ လှူဒါန်းမှုနှင့် ကူညီကယ်ဆယ်မှု စတင်ရန်အတွက် မွန်ပြည်နယ် စစ်ကောင်စီဝန်ကြီးချုပ်အဖွဲ့မှ နေရပ်ပြန်ရန် တိုက်တွန်းထားသော်လည်း တစုံတရာ လုပ်ဆောင်ပေးခြင်းမရှိကြောင်း သိရသည်။

မွန်အကျေးရွာအတွင်းရှိ မွန်ပြည်သူများအတွက် စစ်ဘေးရှောင်ကူညီရေးဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို မော်လမြိုင်မြို့ရှိ သာသနာ (၂၅၀၀) မွန်ဗိမာန်တော်ကျောင်းတွင် ပြုလုပ်ခဲ့ပြီး စစ်ဘေးရှောင်သူတို့၏ ဆွေးနွေး တင်ပြချက်အပေါ် အခြေခံ၍ စစ်ဘေးသင့်ပြည်သူအရေး ကူညီစောင့်ရှောက်နေသူတို့ကို ခြိမ်းခြောက်မှု မပြုလုပ်ရန် စသည့် အချက်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးတို့ လိုက်နာရမည့်အချက် ၅ ချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here