နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးနှင့် ပြည်သူတရပ်လုံး ဘေးကင်းရေးအတွက် လာမည့် မြန်မာနှစ်ဆန်းတရက်နေ့တွင် မေတ္တာပို့ဆုတောင်းမည့် ကမ်ပိန်းတခုကို နိုင်ငံတဝန်း ပြုလုပ်သွားမည်ဖြစ်ရာ ပြည်သူများ ပူးပေါင်းပါဝင်ကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ်လုပ်ငန်းအဖွဲ့က ဧပြီလ ၉ တွင် ပန်ကြားလိုက်သည်။
ထိုဆုတောင်းကမ်ပိန်းကို မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်၊ ၂၀၂၆ ခုနှစ် ဧပြီ ၁၇ တွင် ကျရောက်မည့် မြန်မာနှစ်ဆန်းတရက်နေ့၌ ပြုလုပ်မည်ဖြစ်သည်။
ပါဝင်လိုသူများအနေဖြင့် သပြေပန်း၊ နှင်းဆီပန်း (သို့မဟုတ်) မိမိနှစ်သက်ရာ နှစ်သစ်ကူးပန်းတမျိုးမျိုးကို ကိုင်ဆောင်ခြင်း (သို့မဟုတ်) ပန်ဆင်ခြင်းများပြုလုပ်ကာ တမိနစ်ခန့် ဆုတောင်းပေးရမည်ဖြစ်သည်ဟု ဆိုသည်။
ထိုသို့ ဆုတောင်းနေသည့် ရုပ်သံဗီဒီယိုဖိုင်များကို မိမိတို့၏ လုံခြုံရေးအခြေအနေအပေါ် မူတည်၍ လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြပေးကြရန်လည်း NLD လူငယ်အဖွဲ့က မေတ္တာရပ်ခံထားသေးသည်။
ကမ်ပိန်းတွင် ပါဝင်သူများအနေဖြင့် “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ကျန်းမာကြပါစေ၊ အမြန်ဆုံး လွတ်မြောက်ကြပါစေ” ဟူ၍လည်းကောင်း၊ “မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကျန်းမာကြပါစေ၊ ဘေးဘယာ ဒုက္ခအန္တရာယ် အသွယ်သွယ်မှ ကင်းဝေးကြပါစေ” ဟူ၍လည်းကောင်း ရွတ်ဆိုဆုတောင်းရန် တိုက်တွန်းထားသည်။
လက်ရှိတွင် အဆိုပါ ပြည်သူသို့ ပန်ကြားလွှာကို NLD ဗဟို လူမှုကွန်ရက်စာမျက်နှာတွင်လည်း တရားဝင် ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်မှုမရှိဘဲ ပြေလည်ရေးလမ်းစ မရရှိနိုင်ကြောင်း” NLD ပါတီက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် ထပ်လောင်းသတိပေး ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနစ် ဖေဖော်ဝါရီလမှစပြီး ၂၀၂၆ ခုနစ် ဧပြီ ၉ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၀,၈၅၄ ဦးရှိပြီး ထိုထဲမှ ၂၂,၂၀၈ ဦး ထိန်းသိမ်းခံထားရကာ ထိန်းသိမ်းခံနေရသူတွေထဲ ၁၄,၃၁၉ ဦးသည် ထောင်ဒဏ်များ ချမှတ်ခံထားရသည်ဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ယမန်နေ့ (ဧပြီလ ၉ ရက်) စာရင်းများ အရသိရသည်။
မဇ္ဈိမ