ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေး ‘Free Her’ ကမ်ပိန်း စတင်

By MPM 24 စက်တင်ဘာ, 2026 👁 45

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေး “Free Her” ကမ်ပိန်း စတင်ပြီဖြစ်ကြောင်း All In One Piece Movement က ယနေ့ (စက်တင်ဘာ ၂၃) ထုတ်ပြန်ကြေညာသည်။

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြသရန် လုပ်ဆောင်ခဲ့သည့် Proof of life ကမ်ပိန်း၏ နောက်တဆင့်အနေဖြင့် Free Her ကမ်ပိန်းကို စတင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

Free Her ကမ်ပိန်းအား ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ သားဖြစ်သူ ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းတို့ ဗီဒီယိုကောလ် မှတဆင့် တွေ့ဆုံခွင့်ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းနှင့် လူသားဆန်သည့် ဆက်ဆံမှုရရှိရေး၊ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေးနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးတို့အတွက် ရည်မှန်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“တောင်းဆိုချက်များကို ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ အတူတူ တောင်းဆိုသွားကြမည်ဖြစ်ပါတယ်” ဟု All In One Piece Movement က ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်အုပ်စုက ဖမ်းဆီးထားသည့် မိခင်ဖြစ်သူနှင့် တွေ့ဆုံခွင့်ပေးရန် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ထံ စာတစောင်ရေးပြီး လန်ဒန်ရှိ မြန်မာသံရုံးမှတဆင့် သွားပေးခဲ့ကြောင်း ကင်မ်အဲရစ်ကလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ရေးသားဖော်ပြသည်။

“ICRC ကိုယ်စားလှယ်က မေမေ့ကို တွေ့ခဲ့တဲ့အတွက် မေမေအသက်ရှင်နေသေးတယ်ဆိုတာ သိခဲ့ရပါတယ်။ ဒါပေမဲ့ မေမေ့ကို ကျွန်တော်အခုထိ တွေ့ခွင့်မရသေးပါဘူး။ စကားလည်း ပြောခွင့်မရသေးပါဘူး။ မေမေ့လွတ်မြောက်ရေးအတွက် ပထမဆုံး တောင်းဆိုခဲ့ရတုန်းက ကျွန်တော်ဟာ ကလေးတယောက်ပဲရှိပါသေးတယ်။ ဆယ်စုနှစ်တွေကြာပြီးနောက် အခုထက်ထိလည်း ထပ်ပြီး တောင်းဆိုနေရပါတယ်” ဟု ကင်မ်အဲရစ်က ပြောသည်။

ထို့ကြောင့် မိခင်ဖြစ်သူနှင့် တွေ့ခွင့်ပေးရန်၊ စကားပြောခွင့်ပေးရန်နှင့် လွှတ်ပေးရန်လည်း ၎င်းက တောင်းဆိုထားသည်။

စစ်အုပ်စုသည် ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့် တွေ့ဆုံခွင့်ပေးခဲ့သော်လည်း ၎င်း၏ ရှေ့နေများ၊ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ကိုမူ ဖြတ်တောက်ထားဆဲဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် စုစုပေါင်း ၃၅ နှစ် ချမှတ်ခဲ့ကာ လက်ရှိတွင်လည်း ထောင်ဒဏ် ၁၉ နှစ်နီးပါး ဆက်လက်ချမှတ်ထားသည်။

ယခုနှစ် ဧပြီလကုန်တွင်မူ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်မှ ‘သတ်မှတ်နေအိမ်’သို့ ပြောင်းရွှေ့ချုပ်နှောင်ထားကြောင်း ထုတ်ပြန်ခဲ့သည်။

မဇ္ဈိမ