ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သမ္မတထရမ့်ထံ ဂျပန်ရောက်မြန်မာများ တောင်းဆို

By MPM 28 အောက်တိုဘာ, 2025 👁

ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို စစ်ကော်မရှင်တပ်၏ မတရားဖမ်းဆီးခြင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ကူညီပေးရန် ဂျပန်ရောက်မြန်မာနိုင်ငံသားများက အမေရိကန်သံရုံးမှ တဆင့်စာပေးပို့ တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

“အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့နဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက်လုပ်တာ ဖြစ်ပါတယ်” ဟု ငြိမ်းချမ်းရေးကမ်းလက်များ အဖွဲ့ဝင်တဦးက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ အိတ်ဖွင့်စာ နှင့်အတူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်ထိုး ကမ်းပိန်းပြုလုပ်၍ စုဆောင်းထားသည့် လက်မှတ်များဖြင့် ပူးတွဲပေးပို့ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကော်မတီတရပ်ဖွဲ့စည်းနိုင်ရန် ဂျပန်နိုင်ငံရှိ မြန်မာအဖွဲ့အစည်း အသီးသီးက ကြိုးပမ်းနေပြီး ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့ (Hand OF Peace) လည်း ကော်မတီတွင်ပါဝင်ပြီး စတင်ဆောင်ရွက်နေကြောင်း သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မလေးရှားနိုင်ငံ အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို တက်ရောက်ခဲ့ပြီးနောက် အောက်တိုဘာလ ၂၇ ရက် နံနက်ပိုင်းမှာ မလေးရှားမှ ဂျပန်နိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရကိုဖြုတ်ချပြီး အာဏသိမ်းခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၂၇ နှစ်ချမှတ်ကာ လျှို့ဝှက်နေရာတခုတွင် ဖမ်းဆီးထိန်းသိမ်းထားသည်။

အလားတူပင် သမ္မတဦးဝင်းမြင့်ကိုလည်း အမှုရှစ်မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ထားသည်။

မဇ္ဈိမ