ကရင်နီပြည်နယ်၊ ဒီမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်က နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၇၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း Demawso PDF – 1102 က ဩဂုတ် ၁၉ ရက်တွင် ထုတ်ပြန်သည်။
ဒီမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သြဂုတ်လ ၁၀ ရက်မှစတင်ပြီး သြဂုတ်လ ၁၄ ရက် အထိ စစ်ကောင်စီတပ်နှင့် ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း ကရင်နီ တော်လှန်ရေးပူးပေါင်းအဖွဲ့များထံက သိရသည်။
သြဂုတ်လ ၁ဝ ရက်နှင့် ၁၂ ရက် တို့တွင် တိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့ပြီး ထိုသို့နှစ်ဘက်အထိအခိုက် အကျအဆုံးများ ရှိခဲ့ခြင်း ဖြစ်သည်ဟု ကရင်နီ တော်လှန်ရေးပူးပေါင်းအဖွဲ့များထံက သိရသည်။
တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်ရာတွင် စစ်ကောင်စီတပ်၏ တပ်မ ၅၅ လက်အောက်ခံ ခမရ (၁၁၂) မှ တပ်ဖွဲ့ဝင် ၄၅ ဦး၊ ခလရ (၃) မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး အပါအဝင် ၂၆ ဦးခန့် ထိခိုက်သေဆုံးခဲ့ကြောင်း Demawso PDF – 1102 ၏ သြဂုတ်လ ၁၉ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် နယ်မြေရှင်းလင်းရေး ပြုလုပ်ရာတွင် လက်နက်ငယ်အစုံ ၁၅ လက်၊ လက်နက်ကြီး ၁ လက်နှင့် ကျည်ဆံများ၊ ခဲယမ်း မီးကျောက်များ၊ စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဓာတ်ပုံများဖြင့်တကွ ဖော်ပြအသိပေးထားသည်။
စစ်ကောင်စီတပ် စစ်ကြောင်းကို ကရင်နီတော်လှန်ရေး ပူးပေါင်းအဖွဲ့များဖြစ်သည့် ကရင်နီတပ်မတော် (KA)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ အလယ်ပိုင်းတိုင်း – ကရင်နီ (ကယား) စစ်ဒေသခွဲ တပ်ရင်များ ပူးပေါင်းစစ်ကြောင်း၊ ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် (DMO Local PDF)၊ ကရင်နီ ဝံပုလွေ စစ်ကြောင်းနှင့် ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) တို့ က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်များသည် ဒီမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးအတိုင်း သြဂုတ်လ ၂ ရက်မှ စတင် စစ်ကြောင်းထိုးမှုများ ပြုလုပ်ခဲ့ရာက ယခုကဲ့သို့ တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တိုက်ပွဲကာလအတွင်း ကရင်နီတပ်မတော် (KA) အဖွဲ့မှ ဒုဗိုလ်တစ်ဦး၊ KNDF/B 04 မှ ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် ၎င်းလမ်းမကြီးတလျှောက် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေး ပူးပေါင်းအဖွဲ့တို့အကြား စစ်ရေးတင်းမာနေသည့်အတွက် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်၍ သွားလာမှု မပြုလုပ်ကြရန်နှင့် စစ်ရေး သတိရှိစေရန်လည်း Demawso PDF – 1102 အဖွဲ့က ထုတ်ပြန်အသိပေးထားသည်။
နိရဉ္စရာ ပေးပို့သည်။