ဒီပဲယင်း၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရမှုတွင် ကလေးနှစ်ဦး ထပ်မံသေဆုံး

By MPM 14 မေ, 2025 👁

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုခံရမှုတွင် ဒဏ်ရာပြင်းထန်ခဲ့သည့် ကလေး ၂ ဦး ထပ်မံသေဆုံးသွားကြောင်း သိရသည်။

မေလ ၁၃ ရက်နေ့ညပိုင်းက အသက် ၈ နှစ်အရွယ် Grade 2 ကျောင်းသား မောင်အောင်ဇေယျနှင့် မေလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အသက် ၁၁ နှစ်အရွယ် Grade 3 ကျောင်းသူ မပြည့်ပြည့်ငြိမ်းတို့ ထပ်မံ သေဆုံးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ စုစုပေါင်း ၂၄ ဦးအထိ ရှိလာပြီဟု မြို့နယ် ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

“ကျနော်တို့ ဒီပဲယင်း အိုးထိန်းတွင်းရွာစာသင်ကျောင်း လေကြောင်း တိုက်ခိုက်ခံရမှုထဲမှာ ဒဏ်ရာရထားတဲ့ ကလေးငယ်တွေထဲက ၂ ယောက် ထပ်သေဆုံးသွားတယ်။ ဆိုတော့ ဒီနေ့ နောက်ဆုံးအတည်ပြုနိုင်သလောက်ဆိုရင် ၂၄ ယောက်ရှိသွားပြီ။ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ကလေးတွေ ကျန်သေးတယ်ဗျ” ဟု ၎င်းက ပြောသည်။

အိုးထိန်းတွင်းကျေးရွာရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွင့်ထားသည့် အလယ်တန်းကျောင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုထဲ ထိခိုက်ဒဏ်ရာရသူ အယောက် ၁၀၀ ကျော်ရှိသည့်အနက် အယောက် ၄၀ နီးပါးမှာ အပြင်းအထန် ဒဏ်ရာများရရှိသည်ဟု ဆိုသည်။

ခန္ဓာကိုယ်အစိတ်အပိုင်းများဖြစ်သည့် ခြေထောက်၊ လက် ထိခိုက် ပြတ်တောက်သူများ အပါအဝင် ဒဏ်ရာပြင်းထန်သူများအတွက် အရေးပေါ်ဆေးဝါးများ လိုအပ်ချက်နေသည်ဟု မြေပြင်ရှိ သတင်းအရင်းအမြစ်များက ပြောသည်။

အသက်အန္တရာယ်စိုးရိမ်နေရသည့် ကျောင်းသူ/သားများ ရှိနေသေးသည်ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူက ပြောသည်။

မြေပြင်တွင် ကယ်ဆယ်ရေးလုပ်နေသူ ဒေသခံအမျိုးသားတစ်ဦးက “ကျနော်တို့ရှေ့မှာပဲ ကိုယ့်ကလေးတွေ အခုလို သေကုန်တာ ဘယ်လိုပြောရမှန်းကို မသိတော့ဘူး။ ကလေးတွေကိုက ကံဆိုးပါတယ်ဗျာ။ တချို့ဆို ခြေတခြား၊ လက်တခြား၊ နားတွေဘာတွေပြတ်၊ မျက်နှာတွေဆိုရစရာကို မရှိတော့တာဗျ။ ဒီကလေးတွေက ဘာအပြစ် ရှိလို့လဲဗျာ၊ တကယ်သတ္တိရှိတဲ့လူတွေက ဒီလိုမလုပ်ပါဘူး။ အခုဟာက တော်တော်သူရဲဘောကြောင်တဲ့ လုပ်ရပ်ဗျ” ဟု ပြောသည်။

မေလ ၁၂ ရက်နေ့၊ နံနက်ပိုင်းက စာမေးပွဲဖြေရန်ပြင်ဆင်နေသည့် အိုးထိန်းတွင်းကျေးရွာရှိ စာသင်ကျောင်းကိုစစ်ကောင်စီတပ်မှ လေကြောင်းမှ ဗုံး ၂ လုံးကြဲချခဲ့ရာ ကျောင်းသူကျောင်းသား ၂၀ ဦးနှင့် ဆရာမ ၂ ဦး စုစုပေါင်း ၂၂ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ UN အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က စာသင်ကျောင်းများမှာ ဗုံးကြဲရမည့်နေရာမဟုတ်ကြောင်း၊ ကလေးသူငယ်များ အန္တရာယ်ကင်းကင်းနှင့် ပညာသင်ကြားနိုင်စေရေး လက်နက်ကိုင် ပဋိပက္ခများကြားထဲမှ တာဝန်ရှိသူများက ကာကွယ်စောင့်ရှောက်ပေးရမည်ဟု ပြောဆိုလိုက်သည်။

စစ်ကောင်စီကမူ ဒီပဲယင်းမြို့နယ်ထဲက အိုးထိန်းတွင်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှု မလုပ်ခဲ့ဘူးဆိုကာ ငြင်းဆန်နေဆဲ ဖြစ်သည်။

NMG ပေးပို့သည်။