ထူးချောင်းစခန်း ဆုတ်ပေးရပြီးနောက် စစ်ကောင်စီက ရဟတ်ယာဥ်နှင့် အင်အားပြန်ဖြည့်နေ

By MPM 25 အောက်တိုဘာ, 2024 👁

ကရင်နီ (ကယား) ပြည်၊ ဘောလခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ်ကြားက စစ်ကောင်စီ၏ ထူးချောင်းစခန်းကို တော်လှန်ရေးတပ်‌ပေါင်းစုတို့က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ဘောလခဲဘက်ကို ရဟတ်ယာဥ်နှင့် တပ်အင်အား ထပ်ဖြည့်နေသည်ဟု ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

ဘောလခဲမြို့နယ်အတွင်း စစ်ကောင်စီ အခြေစိုက်တပ်စခန်းများဖြစ်သည့် ခမရ ၄၃၀၊ ခမရ ၃၃၇ ၊ ခမရ ၄၂၉ နှင့် စစ်ဗျူဟာအခြေချတပ်တို့ ရှိပြီး၊ စစ်ဗျူဟာတပ်ကို ယင်းသို့လူအင်အား ထပ်မံဖြည့်တင်းနေခြင်း ဖြစ်သည်။

ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးက “ဘောလခဲမှာတော့ ရဟတ်ယာဥ်ပို့တာတော့ သုံးခေါက်၊ လေးခေါက်လောက် ရှိတယ်ပေါ့။ သူတို့ကတော့ တပ်ထဲမှာပဲ။ ဘောလခဲ ဗျူဟာတပ်ထဲမှာပဲ ချထားပြီးတော့ ဘယ်ဘက်ကို ဆက်ပို့မယ်ဆိုတာတော့ အသေးစိတ်တော့ မသိရဘူး” ဟု ပြောသည်။

စစ်ကောင်စီ၏ ထူးချောင်းစခန်းကုန်းကို ဖားဆောင်း PDF ၊ KA Drone Force အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုတို့က အောက်တိုဘာလ ၁၂ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဘောလခဲခရိုင်အတွင်း စစ်ကောင်စီတပ်၏ အရေးပါသည့် စခန်းကုန်းများဖြစ်သည့် မယ့်စလောင်းတောင်စခန်း၊ ရေကျော်စခန်း၊ ထူးချောင်းစခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရထားခြင်း ဖြစ်သည်။

ကရင်နီပြည်တွင် စစ်ကောင်စီယန္တရားလည်ပတ်နိုင်သည့် လွိုင်ကော်နှင့် ဘောလခဲမြို့နယ်သာ ကျန်ရှိနေခြင်းဖြစ်ပြီး၊ ဘောလခဲမြို့နယ်ထဲက ဒေသခံတချို့မှာ တိမ်းရှောင်နေကြသူများလည်းရှိပြီး မြို့ထဲတွင်နေထိုင်သူတချို့လည်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ဘောလခဲမြို့ထဲတွင် အင်တာနက်လိုင်း၊ ဆက်သွယ်ရေးလိုင်းများ ပြတ်‌တောက်နေတာကြောင့် မြို့တွင်း၌ကျန်ခဲ့သည့် ဒေသခံများကို ဆက်သွယ်မေးမြန်းရန် ခက်ခဲနေသည်။

မြေပြင်သတင်းရင်းမြစ်များ ပြောကြားချက်အရ ဘောလခဲမြို့တွင်းထဲကို ကုန်စည်မဝင်ရောက်နိုင်ခြင်းကြောင့် မြို့တွင်းကျန်ရှိနေကြသည့် ဒေသခံများမှာ စားဝတ်နေ‌ရေးဖြေရှင်းရာတွင် ခက်ခဲနေကြကြောင်း သိရသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။