ထီးချိုင့်မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံစစ်ရှောင်ပြည်သူ ၇၀ ကျော်ဖမ်းဆီးခံထားရ

By MPM 27 ဖေ‌ဖော်ဝါရီ, 2024 👁

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံစစ်ရှောင်ပြည်သူ ၇၀ ကျော်အား မြသိန်းတန်တောင် စစ်တပ်ကုန်းပေါ်၌ စစ်ကောင်စီတပ်က ခေါ်ယူဖမ်းဆီး ထိန်းသိမ်းထားကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့ မှ ၂၆ ရက်နေ့အထိ ထီးချိုင့်မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူ စုစုပေါင်း ၇၀ ဆယ်ကျော်အား ဖမ်းဆီးခေါ်ယူထားခြင်း ဖြစ်သည်ဟု စစ်ရှောင်ထီးချိုင့်မြို့ခံတစ်ဦးက ဆိုသည်။

“ပြန်မလွတ်ပေးသေးဘူး။ သူတို့ စီစစ်နေကြတာ။ အခုထိ တောင်ပေါ်မှာ ဖမ်းထားတာကိုက ခုနှစ်ဆယ်” ဟု ၎င်းကဆိုသည်။

ထီးချိုင့်မြို့တွင် ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလတွင် တော်လှန်ရေးအင်အားစုများက မြို့သိမ်းတိုက်ပွဲများ ဆင်နွဲခဲ့ရာတွင် စစ်ကောင်စီက လေကြောင်းနှင့် တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူတချို့ သေဆုံးမှုရှိခဲ့ပြီး လူနေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့တာကြောင့် ဒေသခံပြည်သူအားလုံးနီးပါး မြို့ကို စွန့်ခွာသွားခဲ့ကြောင်းသိရသည်။

ယင်းအပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့ တစ်ရက်ထဲတွင် ထီးချိုင့်မြို့ပေါ် နေအိမ်၌ကျန်ရှိနေသည့် ပစ္စည်းများ ပြန်လည်ယူဆောင်ရန် ဝင်ရောက်လာသည့် ထီးချိုင့်မြို့ခံ စစ်ရှောင်ပြည်သူ ၄၀ ကျော်ကို စစ်ကောင်စီတပ်က ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ထိုနေ့နောက်ပိုင်း ဝင်ရောက်လာသူများကိုလည်း စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒေသခံများက ပြောဆိုသည်။

ထီးချိုင့်မြို့တွင်းသို့ ပြည်သူများ ပြန်လည်ဝင်ရောက်နိုင်ပြီဟူသည့် သတင်းကြောင့် မြို့တွင်းသို့ ပြန်လည် ဝင်ရောက်လာစဉ် ထိုသို့ဖမ်းဆီးထိန်းသိမ်းခံလိုက်ရခြင်း ဖြစ်သည်။

ထီးချိုင့်မြို့ခံတစ်ဦးက “အဲ့လို ဖွင့်တယ် ဖွင့်တယ်ဆိုလို့ သွားကြတာပဲ၊ တစ်ဖက်ကဖွင့်ရင် တစ်ဖက်ကဖမ်းတာပဲ။ PDF က ဖွင့်ရင် စစ်တပ်က ဖမ်းတယ်” ဟု ဆိုသည်။

ထီးချိုင့်မြို့တွင်း တိုက်ပွဲများကြောင့် မြို့ခံ တစ်သောင်းခန့်သည် မောင်းကုန်း၊ တန့်ကြည်တောင်၊ ရေရှင် ၊ လေသာ၊ အလယ်တော၊ ပေါက်ကုန်း၊ ကျက်သရေချောင်းရွာနှင့် တကောင်း စသည့်မြို့များတွင် စစ်ဘေးတိမ်းရှောင် နေကြကြောင်း ဒေသခံများထံမှ သိရသည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။