တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦး သေဆုံးခဲ့ပြီး ၁၆ ဦး ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ဒူရက စစ်ကြောင်းထံက သိရသည်။
အင်အား ၃၀ ဝန်းကျင်နှင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ဟားလီးကွေ့တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က ဧပြီ ၂၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီခွဲခန့်၌ စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့၏ တိုက်ခိုက်မှုကြောင့် နံနက် ၆ နာရီကနေ ညနေ ၅ နာရီခန့်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦး သေဆုံးခဲ့ကာ စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒူရကစစ်ကြောင်းက ပြောသည်။
ယင်းအပြင် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၆ ဦး အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိခဲ့ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
နှစ်ဖက်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့သလို မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့စခန်းအနီး၌ တပ်စွဲထားသည့် စစ်ကောင်စီစခန်းများကနေ တနေ့လုံးနီးပါး လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့သလို လေကြောင်းကနေ ၂ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇဟာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားဇနီးမောင်နှံနှစ်ဦးသေဆုံးခဲ့ပြီး ရဟန်းနှစ်ပါးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဟားလီးကွေ့တပ်စခန်းအား ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းက ရေး-ထားဝယ် ကားလမ်းမပေါ်ရှိ ရေဖြူ-ထားဝယ်အပိုင်းတွင် ထပ်မံတိုးချဲ့ကာ ဘန်ကာများဖြင့် အခိုင်အမာတည်ဆောက်ထားသော တပ်စခန်းတစ်ခုလည်း ဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ဦးဆောင်မှုနှင့် ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDPF)၊ KNU တပ်မဟာ (၄) တပ်ရင်း (၁၂) တပ်ခွဲ (၅)၊ ဥဩစစ်ကြောင်း၊ Dawei Guerrilla Revolutionary Force (DGRF)၊ Tavoy People Liberation Force (TPLF)၊ ဒေါနတပ်ခွဲ (၇)၊ Sky Ghost Drone Force၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီ ၁၉ ရက်နေ့ကလည်း ထားဝယ်မြို့နယ် အရှေ့တောဒေသ ထီးခီးဒေသထဲရှိ စစ်ကောင်စီ၏ ထီးထ ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သော တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။
သံလွင်တိုင်းမ် ပေးပို့သည်။