ထားဝယ်၊ မောင်မယ်ရှောင်ကျေးရွာကို စစ်ကောင်စီတပ် ထပ်မံမီးရှို့ဖျက်ဆီးခဲ့

By MPM 21 စက်တင်ဘာ, 2024 👁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ဒေသခံနေအိမ်များအား မီးရှို့ဖျက်ဆီးမှု ထပ်မံကျူးလွန်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

စက်တင်ဘာ ၂၀ ရက်နေ့ မနက် ၉ နာရီခန့်က မောင်မယ်ရှောင်ကျေးရွာထဲ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လာရောက်တိုက်ခိုက်ခဲ့တာကြောင့် အချိန် ၂ နာရီနီးပါးကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ယင်းတိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်ကောင်စီတပ်က ဒေသခံနေအိမ်များကို မီးရှို့ခဲ့တာကြောင့် နေအိမ်များ မီးလောင်ပျက်စီးမှုရှိနေပြီး အရေအတွက် အတိအကျ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

မောင်မယ်ရှောင်ဒေသခံတစ်ဦးက “စစ်ကောင်စီတပ်ဟာ သူတို့တိုက်ခိုက်ခံရတိုင်း ကျေးရွာအတွင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်” ဟု ပြောသည်။

စစ်ကောင်စီက မောင်မယ်ရှောင်ကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းသည် ယခုတစ်ကြိမ်အပါအဝင် ၄ ကြိမ်ထက်မနည်း ဖျက်ဆီးခဲ့ကြောင်းနှင့် ယခုတကြိမ်တွင် နေအိမ်အလုံး ၂၀ ထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင်လကတည်းက မောင်မယ်ရှောင်ကျေးရွာ၌ ဝင်ရောက်တပ်စွဲထားသည့်အတွက် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဒေသတွင်းသုတေသနအဖွဲ့ဖြစ်သည့် Data for Myanmar ၏ အစီရင်ခံစာအရ အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၁ သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဖော်ပြထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။