ထားဝယ်အရှေ့တောဒေသတွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာလို့ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေ

By MPM 18 ဩဂုတ်, 2024 👁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသထဲသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေသည်ဟု တော်လှန်ရေးအင်အားစုစစ်ကြောင်းဖြစ်သည့် ထားဝယ်စုပေါင်းစစ်ကြောင်းထံက သိရသည်။

စစ်ကောင်စီတပ်က သြဂုတ်လဒုတိယအပတ်ကစပြီး ထားဝယ်အရှေ့တောဒေသထဲ အင်အား ၁၀၀ နီးပါးနှင့် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များနှင့် တိုက်ပွဲများဖြစ်ပွားနေသည်ဟု ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းသည် ထားဝယ်အရှေ့တောဒေသရှိ မေတ္တာဗျူဟာကုန်းထံ ရိက္ခာပို့ဖို့ရန်နှင့် တပ်အင်အားဖြည့်တင်းရန် လာခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ် ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင်လည်း ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးကျေးရွာအနီး၌ နှစ်ဖက်တပ်အကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်းက ပြောသည်။

အဆိုပါနှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထားဝယ်စုပေါင်းစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ကျောက်မဲတောင်၊ တောင်သုံးလုံးအပါအဝင် ကျေးရွာ ခြောက်ရွာထက်မနည်းမှ ဒေသခံထောင်နှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

ဒေသတွင်းသုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ၏ အစီရင်ခံစာအရ တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ဇူလိုင်လ တစ်လအတွင်း နှစ်ဖက်တိုက်ပွဲများအပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ခြောက်သောင်းကျော် စစ်ရှောင်နေကြရကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။