ထားဝယ်အရှေ့တောက ဒေသခံတွေရဲ့ စက်သုံးဆီတွေကို အာဏာသိမ်းစစ်တပ်က လိုက်လံသိမ်းယူနေ

By MPM 9 ဩဂုတ်, 2026 👁 52

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသထဲ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒေသခံပြည်သူတွေ ဝယ်ယူစုဆောင်းထားတဲ့ စက်သုံးဆီတွေကို လိုက်လံသိမ်းယူနေတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၁၀၀ လောက်ရှိတဲ့ စစ်တပ်စစ်ကြောင်းဟာ သြဂုတ် ပထမအပတ်ကစလို့ ထားဝယ်အရှေ့တော ဒေသဖြစ်တဲ့ ဥယျာဉ်ကြီးကျေးရွာထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ လမ်းမှာတွေ့ရှိတဲ့ စက်သုံးဆီ သယ်ဆောင်တဲ့ ယာဉ်တွေအပါအဝင် ဒေသခံ နေအိမ်တွေမှာ သိမ်းဆည်းထားတဲ့ စက်သုံးဆီတွေကို လိုက်လံသိမ်းယူနေပါတယ်။

လတ်တလောမှာ စစ်တပ်စစ်ကြောင်း သိမ်းဆည်းထားတဲ့ စက်သုံးဆီ ပေပါ ၁၀၀ ထက်မနည်း ရှိနေပြီး ကာလတန်ဖိုးကျပ်သိန်း တစ်ထောင်ကျော် လောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

စစ်တပ်စစ်ကြောင်း သိမ်းဆည်းထားတဲ့ စက်သုံးဆီတွေဟာ ခဲသတ္တုထုတ်လုပ်ဖို့အတွက် ဒေသခံပြည်သူတွေ ဝယ်ယူစုဆောင်းထားတဲ့ စက်သုံးဆီတွေ ဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်နေ့ကလည်း ဥယျာဉ်ကြီးကျေးရွာက နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးထားသလို စစ်ကြောင်းနဲ့အတူ ဒေသခံအမျိုးသား တချို့ကိုလည်း ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

ထားဝယ်အရှေ့တောဒေသမှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့အတူ လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ အများစု ဘေးလွတ်ရာ နေရာတွေကို တိမ်းရှောင်နေကြရပါတယ်။

သံလွင်တိုင်းမ်