ထားဝယ်အရှေ့တော ဒေသခံ ၅ ဦးထက်မနည်း ဖမ်းဆီးခံရ

By MPM 21 ဒီဇင်ဘာ, 2023 👁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ ဟိန္နားသတ္တုတွင်းစောင့်ကြပ်သည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၅ ဦး ထက်မနည်းကို လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။

ဟိန္နားသတ္တုတွင်းစောင့် စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ထားဝယ်စုပေါင်း စစ်ကြောင်းက စနိုက်ပါဖြင့် သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ပြီးနောက် တပ်အင်အား ၆၀ နီးပါး ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းဟာ ဟိန္နားကျေးရွာအနီးရှိ ဥယျာဉ်ခြံများထဲ ဝင်မွှေပြီး ခြံလုပ်သား အမျိုသား ၅ ဦး ကို စစ်ဆေးမေးမြန်းရန်ရှိသည်ဆိုသော အကြောင်းပြချက်နှင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် ခြံလုပ်သားများကို ဒီဇင်ဘာ၂၁ ရက်နေ့ ညနေပိုင်းအထိ ပြန်လွှတ်ပေးခြင်း မရှိသေးသလို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရခြင်းကြောင့် မိသားစုဝင်များက စိုးရိမ်ပူပန်မှု နေကြသည်။

ဟိန္နားသတ္တုတွင်း၏ စွန့်ပစ်မြေများကြာင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့သည့်အတွက် ပြီးခဲ့သည့်အစိုးရ လက်ထက်တုန်းက လိုင်စင်သက်တမ်း ထပ်မတိုးပေးရန် ဒေသခံများက ကန့်ကွက်မှုများရှိခဲ့သော်လည်း စစ်ကောင်စီလက်ထက်မှာတော့ စစ်ကောင်စီတပ်ဘက်က လုံခြုံရေးပေးပြီး တူးဖော်မှုတွေ လုပ်ဆောင်နေသည် ဟု ဒေသခံများက ပြောပါသည်။

ပြီးခဲ့သည့် သြဂုတ် ၂ ရက်နေ့က ဟိန္နားကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်းလည်း ဒေသခံများထံက သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။