ထားဝယ်ထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံး

By MPM 22 အောက်တိုဘာ, 2024 👁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတစ်ဦးသည် ထောင်ဆေးရုံပြင်ပတွင် ဆေးဝါးကုသမှုခံယူနေချိန် လေဖြတ်ရောဂါနှင့် သေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် နိုင်ငံရေးအကျဉ်းသားများကွန်ရက် DPPN ထံက သိရသည်။

သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသားသည် ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာနေ အသက် ၆၂ နှစ်အရွယ် ဦးရဲအောင်ခေါ် ကိုချင်းဆိုသူဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးခဲ့သူ နိုင်ငံရေးအကျဉ်းသားဦးရဲအောင်သည် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ ည နှင့် ပုဒ်မ ၅၂ တိုနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသူဖြစ်သည်ဟု ထားဝယ်ခရိုင်နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံရေးအကျဉ်းသား ဦးရဲအောင်သည် ထားဝယ်အကျဉ်းထောင်ထဲရှိနေချိန် လေဖြတ်ရောဂါဖြစ်ခဲ့တာကြောင့် ပြီးခဲ့သည့် စက်တင်ဘာ၂၇ ရက်နေ့တွင် ထောင်အာဏာပိုင်များက ထားဝယ်ဆေးရုံးကြီးသို့ ပြောင်းရွှေ့ကုသနေစဉ်အတွင်း သေဆုံးခဲ့သည်ဟု ၎င်းကဆိုသည်။

ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားအကျဉ်းသူ စုစုပေါင်း ၄၀၀ ကျော်ရှိပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း နိုင်ငံရေးအကျဉ်းသား ဦးကျော်သိန်းသည် အမောဖောက်လာလို့ ထောင်ပြင်ပဆေးရုံကိုပို့ဆောင်ချိန် လမ်းခရီးတွင် သေဆုံးခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့ကလည်း ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးသည် အချိန်မီထောင်ပြင်ပဆေးရုံကို ပို့ဆောင်ခြင်းမရှိတာကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

နိုင်ငံတဝန်းရှိ အကျဉ်းထောင်များတွင် ယခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉ လအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံရေး အကျဉ်းသား/အကျဉ်းသူ ၁၂ ဦးရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံမှ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။