ထားဝယ်တွင် သပိတ်မျှောပွဲတော် မကျင်းပမီ ဗုံးပေါက်ကွဲ

By MPM 15 အောက်တိုဘာ, 2024 👁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော် ကျင်းပရန် လေးရက်အလိုတွင် ကမ်းနားစျေး
နှင့် သဲကွင်းနေရာအနီး၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု မြို့ခံများက ပြောသည်။

ထားဝယ်မြို့၊ ကမ်းနားစျေး၏ အနောက်ဘက်ခြမ်းရှိ ဆိုင်ကယ်၊ ကားများ ရပ်နားထားသည့်နေရာနှင့် သဲကွင်း ပန်းခြံအကြားတွင် အောက်တိုဘာလ ၁၄ ရက်နေ့၊ နံနက် ၁၁ နာရီ‌ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကမ်းနားစျေးတွင် စျေးရောင်းနေသူ အမျိုးသမီးတစ်ဦးက “ဂျိမ်း ဆိုပြီး အသံတစ်ချက် အကျယ်ကြီး ကြားရတယ်၊ မီးခိုးတွေ အူထွက်လာတာလည်း မြင်လိုက်ရတယ်၊ ကမ်းနားစျေး အနောက်ဖက်က ပေါက်ကွဲတဲ့နေရာအနားမှာ လူတွေ ရုတ်ရုတ်သဲသဲဖြစ်သွားတယ်” ဟု ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်သည့် ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ ကမ်းနားစျေးနှင့် လမ်းတဆက်တည်းဖြစ်သည့် သဲကွင်းနေရာတွင် စစ်ကောင်စီက ဦးဆောင်ပြီး ထားဝယ်ရိုးရာသပိတ်မျှောပွဲ ကျင်းပနိုင်ရန် အခမ်းအနားပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိကြောင်းနှင့် ကမ်းနားစျေးမှ စျေးသည်‌များ စိုးရိမ်ကြောက်လန့်ပြီး ဆိုင်များသိမ်းဆည်းပြီး အိမ်ပြန်ကုန်ကြသည်ဟု မြို့ခံများက ပြောပါသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီး နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာပြီး ဗုံးပေါက်သည့်နေရာ အနီးတဝိုက်၌ ရှာဖွေစစ်ဆေးခဲ့ကြသည်ဟု ဆိုသည်။

ဗုံးပေါက်ကွဲပြီးနောက် ကမ်းနားလမ်းတလျှောက်လုံးတွင် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် လုံခြုံ‌ရေးယူထားသည်ဟုလည်း မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း သပိတ်မျှောပွဲတော် ကျင်းပရန် ၅ ရက်အလိုတွင် မဏ္ဍပ်ဆောက်လုပ်နေသည့် ကမ်းနားလမ်း သဲကွင်းပန်းခြံအနီးရှိ တံတားနေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖူးသေးသည်။

NMG ပေးပို့သည်။