ထားဝယ်တွင် တိုက်ပွဲပြင်းထန်နေပြီး အရပ်သားထိခိုက်သေဆုံးမှုရှိနေ

By MPM 27 ဧပြီ, 2025 👁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီး ဟာလီးကွေ့နားဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ဒေသတော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး အရပ်သား ထိခိုက်သေဆုံးမှု ရှိနေသည်ဟု ဒေသခံတို့က ပြောပါသည်။

ဧပြီ ၂၆ ရက်နေ့ မနက်ပိုင်းကစပြီး မောင်မယ်ရှောင်ကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတို့က ဝင်ရောက်တိုက်ခိုက်ရာက နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေသည်ဟု ၎င်းတို့က ပြောသည်။

နှစ်ဖက်တိုက်ပွဲအတွင်း ဇဟာကျေးရွာကနေ မောင်မယ်ရှောင်ကျေးရွာကို ဆိုင်ကယ်နှင့်ပန်းလာရောင်းသည့် အသက် ၄၀ ဝန်းကျင်အရွယ် လင်မယားနှစ်ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ယင်းအပြင် နှစ်ဖက်တိုက်ပွဲအတွင်း မောင်မယ်ရှောင်ကျေးရွာ ဘုန်းကြီးကျောင်းအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သံဃာနှစ်ပါးနှင့် ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။

နှစ်ဖက်တိုက်ပွဲသည် နေ့လယ် ၁ နာရီအချိန်အထိ ဆက်လက်ပြင်းထန်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ဗုံးခြောက်လုံးထက်မနည်း လာရောက်ကြဲချသွားသည်ဟု ပြောဆိုကြသည်။

နှစ်ဖက်တိုက်ပွဲကြောင့် ထားဝယ် – မြိတ်ကားလမ်းတွင် ခရီးသွားကား ရာချီပိတ်မိနေပြီး စစ်ကောင်စီဘက်ကလည်း မြေပြင်ကနေစစ်ကူပေးရန် ကြိုးပမ်းမှုလည်းရှိနေကြောင်း ကာကွယ်ရေးတပ်များက ပြောသည်။

နှစ်ဖက်စစ်ရေးတင်းမာနေသည့် ထားဝယ်မြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့ကလည်း တောင်သုံးလုံးကျေးရွာနှင့် ကျောက်မဲတောင်ကျေးရွာတို့ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး စာသင်ကျောင်းအဆောက်အဦးတချို့ ထိမှန်ပျက်စီးခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။