ထန်းတပင်၊ ဇရပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲအတွင်း ဒေသခံများ ပိတ်မိနေ

0
376
ပုံစာ - ထန်းတပင်၊ ဇရပ်ကြီးဒေသခံစစ်ရှောင်တချို့ (Photo – CJ)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်းများအား ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှစ၍ သိမ်းပိုက်နိုင်ရန် KNLA ပူးပေါင်းတပ်များက တိုက်ပွဲဖော်ဆောင်လျက်ရှိရာတွင် ဇရပ်ကြီးဒေသခံ များနှင့် အနီးရှိကျေးရွာများမှဒေသခံများ ပိတ်မိနေကြကြောင်း ကနဦးရရှိထားသော သတင်းများအရ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပဲခူးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်များက ဇရပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်းများအား သိမ်းပိုက်နိုင်ရန် တိုက်ပွဲဖော်ဆောင်နေခြင်း ဖြစ်သည်။

လက်ရှိအချိန်ထိ ဖြစ်ပွားနေသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းအသုံးပြု တိုက်ခိုက်လျက်ရှိရာ ထိုလွီးဝါးကျောင်းအနီး လက်နက်ကြီးကျရောက်လို့ ဆရာ၊ ဆရာမနှင့်ကျောင်းသူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းနှင့် ဇရပ်ကြီးမြို့ ရပ်ကွက်နေပြည်သူအများအပြားလည်း မြို့အတွင်း ပိတ်မိနေသည်ဟု ဒေသခံများနှင့်နီးစပ်သူတစ်ဦးက အခုလိုပြောသည်။

“ရှားစေးဘိုရွာထဲဆို လေယာဥ်လာကြဲတာ နှစ်ခါရှိပြီ။ ကျောင်းကဆရာမတွေလည်း ကလေးတွေကိုခေါ်ပြီး တောထဲ ပတ်ပြေးနေရတယ်။ လယ်ကွင်းထဲဆင်းရင် စစ်တပ်နဲ့တိုးမှာ ပြေးစရာမြေမရှိဘူးဆိုပြီး ကျမနဲ့ နောက်ဆုံး အဆက်အသွယ်ရတုန်းကပြောပြတယ်။ ဇရပ်ကြီးမြို့ရပ်ကွက်ထဲမှာလည်း ပိတ်မိနေတဲ့သူများတယ်”ဟု ၎င်းက ဆိုသည်။

ဇရပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ-၇၃) အပါအဝင် ရဲစခန်းနှင့် တပ်စခန်းများအား KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ယနေ့(ဖေဖော်ဝါရီ ၇ ရက်) မွန်းလွဲပိုင်းအထိ ခလရ (၇၃) တပ်ရင်းကို သိမ်းပိုက်ထားနိုင်ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း တော်လှန်ရေး အင်အားစုများထံမှ သိရသည်။

“တိုက်ပွဲကတော့ အခြေအနေကောင်းတယ်။ (၇၃) တပ်ရင်းကတော့ ပူးပေါင်းတပ်ဘက်က ရသွားပြီ။ အဲဒီတပ်ရင်း က သူတို့ (စစ်တပ်)ဘက်က အားထားရတဲ့စခန်းမို့လို့ လေယာဥ်လာပစ်တာတင် အကြိမ် (၂၀) ကျော်သွားပြီ” ဟု တော်လှန်ရေးသတင်းအရင်းအမြစ်က ပြောသည်။

စစ်ကောင်စီဘက်က လေယာဥ်အသုံးပြု ဗုံးကြဲတိုက်ခိုက်တာကို ယခုအချိန်ထိ လုပ်ဆောင်နေဆဲဖြစ်သလို တိုက်ပွဲတွင်ပါဝင်သည့် သက်ဆိုင်ရာတော်လှန်ရေးအင်အားစုများမှလည်း အတိအလင်း သတင်းထုတ်ပြန်လာခြင်း မရှိသေးသဖြင့် တိုက်ပွဲနှင့်ပတ်သက်သည့် အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထန်းတပင်မြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၂) ထိန်းချုပ်နယ်မြေအတွင်းရှိသလို အမျိုးသားညီညွှတ်ရေးအစိုးရ-NUG ၏ တောင်ပိုင်းတိုင်းစစ်ဒေသ လှုပ်ရှားမှုနယ်မြေအတွင်းရှိသည့် မြို့နယ် တစ်ခုလည်း ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး တပ်မဟာ (၂) နယ်မြေ လိပ်သိုဒေသရှိ စစ်ကောင်စီ၏ မိုင်းလွန်စခန်းအား တိုက်ခိုက်သိမ်းပိုက် မီးရှို့ဖျက်ဆီးခဲ့သလို လိပ်သိုမြို့ရဲစခန်းနှင့် တပ်ရင်းကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နယ်မြေသတင်းအရင်းအမြစ်များက ပြောဆိုသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here