ချင်းပြည်နယ်၊ ထန်တလန်မြို့အဝင်ရှိ စစ်ကောင်စီ တပ်စခန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး၊ သေနတ် ၆ လက်ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ထံမှ သိရသည်။
အဆိုပါ စစ်ကောင်စီ တပ်စခန်းကို ဩဂုတ်လ ၁၄ ရက် နံနက်တွင် ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF – ထန်တလန် နှင့် CDF-Zophei ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ကျဆုံးမှု အခြေအနေကို အတိအကျ မသိရသေးကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များဘက်က ကျဆုံး ထိခိုက်မှုကိုလည်း အတိအကျမသိရသေးဟု ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရသူ ဆလိုင်းထက်နီက ပြောသည်။
“ထန်တလန်က စစ်ကောင်စီ တပ်စခန်းကို ဒီမနက်က ကျွန်တော်တို့ သိမ်းလိုက်နိုင်ခဲ့ပါတယ်။ သေနတ် ၆ လက်နဲ့ စစ်ကောင်စီ တပ်သားနှစ်ယောက် အရှင် ဖမ်းမိထားပါတယ်” ဟု ၎င်းက ဆိုသည်။ ဖမ်းဆီးရမိ ထားသည့် စစ်ကောင်စီတပ်သား နှစ်ဦးကို စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
တိုက်ပွဲဖြစ်ပွားရာ နေရာသို့ ဩဂုတ်လ ၁၄ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က ဟားခါးမြို့မှ လက်နက်ကြီးများနှင့် ပစ်ကူပေးခဲ့သည့် အပြင် တိုက်လေယာဉ်နှင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့များ၏ ပြောဆိုမှုအရ သိရသည်။
ယင်းအပြင် တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် ၅ မိုင်ခန့် အကွာရှိ ခွါဖိုရွာကိုလည်း လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက် ခဲ့သည့်အတွက် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း အပါအ၀င် လူနေအိမ် ၄ လုံး ပျက်စီးခဲ့ရကြောင်း ပူးပေါင်းတပ်ဖွဲ့များက ပြောသည်။
စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ချိန်တွင် ရွာသားများသည် ဘေးလွတ်ရာသို့ တိမ်းရှောင် နေကြသည့်အတွက် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့များ၏ ပြောဆိုမှုအရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက် က မတူပီမြို့တွင် ဒု-ရဲအုပ်တစ်ဦးကို ခြောက်လုံးပြူး သေနတ်တစ်လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်ဆံ ၅၈ တောင့်တို့ နှင့် အတူ CDF-Matupi တပ်ဖွဲ့၀င်များက ဖမ်းမိ သိမ်းဆည်း ခဲ့ကြောင်း သိရသည်။
နိရဉ္စရာ ပေးပို့သည်။