အိန္ဒိယအစိုးရက ငလျင်ဒဏ်သင့်မြန်မာပြည်သူများကို ကူညီထောက်ပံ့နိုင်ရေး ချင်းပြည်ကို ဖြတ်သန်းသွားလာခွင့် ဆောင်ရွက်နေချိန်တွင် ဇိုမီးတော်လှန်ရေးတပ် – အရှေ့ပိုင်း (ZRA – EC) တပ်များသည် အင်အားအလုံးအရင်းဖြင့် တွန်းဇံမြို့ကို ရုတ်တရက် ထိုးစစ်ဆင်တိုက်ခိုက်ရာ တွန်းဇံမြို့ပေါ် ၄ နေရာတွင် တိုက်ပွဲများ ပြင်းထန်နေသည်။
ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရားဖော်ဆောင်နေသည့် တွန်းဇံမြို့ကို ဧပြီလ ၃ ရက် နံနက်ပိုင်းမှစတင်၍ ZRA – EC တို့က အင်အားအလုံးအရင်းဖြင့် အိန္ဒိယ၊ မဏိပူရ်ပြည်နယ်ဘက်ကနေ ကျီခါးမြို့ကို ဖြတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောဆိုသည်။
ချင်းလဲန်းကောင်စီပူးပေါင်းတပ် ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက “တိုက်ပွဲက အခုထိ ဆက်လက်ပြင်းထန်နေတယ်။ သူတို့က တွန်းဇံမြို့ကို ပြန်ယူဖို့ ဆိုပြီးတော့မှ မြို့ထဲကိုဝင်လာတာဖြစ်တယ်။ အခုတလောမှာ ငလျင်ဒဏ်ကြောင့် ကျနော်တို့ စစ်ကောင်စီနဲ့ပစ်ခတ်မှုကို ရပ်တာကို ဆုံးဖြတ်လုပ်တဲ့အချိန်မှာ သူတို့က အခွင့်ကောင်းယူပြီးတော့ အဲဒီလိုနဲ့ အခုကျနော်တို့ကို စပြီးတော့ဝင်တိုက်တာ ဖြစ်တယ်” ဟု ပြောသည်။
ဧပြီ ၄ ရက်နေ့အထိ တွန်းဇံမြို့ပေါ်တိုက်ပွဲများတွင် ZRA – EC တပ်က စစ်ကောင်စီပေးထားသည့် ဒရုန်းများကို အသုံးပြုတိုက်ခိုက်နေပြီး လတ်တလော၌ ဒရုန်း ၃ စင်းကို ချင်းပူးပေါင်းတပ်က ပစ်ချနိုင်ခဲ့ကြောင်း၊ ZRA – EC တပ်သည် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများကို အသုံးပြုတိုက်ခိုက်နေသည်ကို တွေ့ရှိရသည်ဟု ဆလိုင်းထက်နီက ပြောသည်။
“ပြည်မဘက်က ပြည်သူတွေ ငလျင်ဒဏ်ခံရတဲ့လူတွေကို အိန္ဒိယအစိုးရကနေ ပံ့ပိုးချင်တယ်ဆိုပြီးတော့မှ ကမ်းလှမ်းလာတဲ့အချိန်မှာ ကျနော်တို့က လျောလျောရှုရှုခွင့်ပြုတယ်။ အဲဒီမှာ တိုက်ပွဲတွေမရှိအောင်လို့ ထုတ်ပြန်ချက်ထုတ်လိုက်တာပေါ့။ အဲဒီကြားထဲမှာ သူတို့က ကျနော်တို့စစ်ရေးပြင်ဆင်မှု အားနည်းနေတယ်ထင်ပြီးတော့ အခွင့်ကောင်းယူပြီးတော့ တဖက်သတ် တိုက်ခိုက်လာတာဖြစ်တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။
တိုက်ပွဲများတွင် ချင်းပူးပေါင်တပ်မှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း၊ ZRA – EC ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများကိုလည်း မသိရှိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
မဏိပူရပြည်နယ်တွင် အခြေစိုက်ထားသည့် ဇိုမီးတော်လှန်ရေးတပ် – အရှေ့ပိုင်း (ZRA – EC) တပ်သည် တွန်းဇံမြို့ကိုသိမ်းနိုင်ရန် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရသည်။
အိန္ဒိယအစိုးရက ချင်းပြည်နယ်ကို ဖြတ်သန်းသွားလာရမည့် အိန္ဒိယ- မြန်မာ ကုန်သွယ်ရေးလမ်းကိုအသုံးပြုပြီး ငလျင်ဘေးဒဏ်သင့် မြန်မာလူထုကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးနိုင်ရန် ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်မှုများ အဆင်ပြေကောင်းမွန်ချိန်နှင့်လည်း တိုက်ဆိုင်စွာ ZRA – EC ဘက်က တိုက်ခိုက်လာခြင်းလည်း ဖြစ်သည်။
“ပြည်သူတွေ ငလျင်ဒဏ်ကြောင့်သေကြေပြီး အိုးအိမ်စည်းစိမ်းတွေ ဆုံးရှုံးနေတဲ့အချိန် တဖက်ကလည်း ကူညီပံ့ပိုးနေတဲ့အချိန်မှာ အခုလိုပြည်သူလူထုရဲ့ အခက်အခဲကိုမစဉ်းစားဘဲနဲ့ အဲဒီမှာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာ က လုံးဝမဖြစ်သင့်တဲ့ဟာ၊ အကြမ်းဖက်တဲ့ လုပ်ရပ်ပါပဲ။ ဒါကြောင့် ဒီကိစ္စကတော့ ကျနော်တို့က ကိုယ့်ကိုကိုယ ခုခံကာကွယ်တဲ့အနေနဲ့ အတတ်နိုင်ဆုံးပြန်လည်ချေးမှုန်းသွားမှာပဲ” ဟု ဆလိုင်းထက်နီက ပြောသည်။
ချင်းအမျိုးသားတပ်မတော်၊ အမှတ် ၄ တပ်မဟာကလည်း မိမိကိုယ်ကို ခုခံကာကွယ်ရန် လိုအပ်လာသဖြင့် စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ZRA တပ်ဖွဲ့များကို တိုက်ခိုက်ချေမှုန်းသွားမည်ဟု ဧပြီလ ၃ ရက်က ထုတ်ပြန်ကြေညာထားသည်။
ငလျင်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ တပ်ရင်းများ၊ KIO အပါအဝင် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့တို့ကလည်း ယာယီအပစ်ရပ်ကြောင်း ကြေညာထားကြသည်။
စစ်ကောင်စီကလည်း ယာယီအပစ်ရပ်ကြောင်း ကြေညာထားသော်လည်း တချို့ဒေသများတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးမှုများ ဆက်လက်ပြုလုပ်လျက် ရှိနေသည်။
KMG ပေးပို့သည်။