ကရင်နီ (ကယား) ပြည်က တော်လှန်ရေးရဲဘော်များအနေနှင့် လူထုတော်လှန်ရေး ဆင်နွဲနေချိန်တွင် လူထုဆန့်ကျင်ရေး မလုပ်ကြရန်၊ လူထုနောက်မြီးဆွဲ မပြုလုပ်ကြရန်နှင့် လူထုကိုသာ ယုံကြည်ရမည်ဟု ကရင်နီပြည်တပ်မတော် (KA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က သတိပေးပြောဆိုလိုက်သည်။
ပြည်သူလူထုဆိုသည့် နေရာတွင်လည်း အချောင်သမားများ၊ နိုင်ငံရေး အချောင်သမားများ၊ ကိုယ်ကျိုးရှာ စီးပွားရေး အချောင်သမားများ မပါဝင်ကြောင်းနှင့် ထိုအချောင်သမားများကိုလည်း သတိထားရန်လိုအပ်သည်ဟု ဗိုလ်မှူးချုပ်အောင်မြတ်က ထည့်သွင်းပြောဆိုသည်။
လူငယ်များသည် နောင်တချိန်တွင် တိုင်းပြည်၏တာဝန်ကို ပုခုံးပြောင်း တာဝန်ယူရမည်ဆိုသည့် ခံယူချက်နှင့် အလုပ်လုပ်ရန်လည်း ဗိုလ်မှူးချုပ်အောင်မြတ်က ယခုလို ပြောကြားခဲ့သည်။
“ခင်ဗျားတို့ လူငယ်တွေဟာ နောင်တစ်ချိန်အနာဂတ်မှာ တိုင်းပြည်ရဲ့တာဝန်ကို ပုခုံးပြောင်းတာဝန်ယူရမယ့် လူတွေဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့ အလုပ်လုပ်ဖို့လိုတယ်။ ခံစားချက်နဲ့ မလုပ်ကြပါနဲ့။ ပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုကို အလေးအနက်ထားပြီး လုပ်ဆောင်ကြပါ” ဟု ဗိုလ်မှူးချုပ်အောင်မြတ်က ပြောသည်။
ဆက်လက်ပြီး ၎င်းက “ယခုအချိန်မှစပြီး အလေ့အကျင့်များ လုပ်ဆောင်သွားရန်လိုတယ်။ ခင်ဗျားတို့ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘူးဆိုရင် တိုင်းပြည်ရဲ့အနာဂတ်ကို ဘယ်နားသွားထားမလဲဆိုတာကိုတော့ လူငယ်ရဲဘော်များ တပ်မှူးများ နှလုံးသွင်းဆင်ခြင်ပြီး ရှေ့ကို ဆက်လက်ချီတက်သွားကြဖို့ ပြောကြားလိုတယ်” ဟု ပြောပါသည်။
ဩဂုတ်လ ၁၇ ရက်နေ့တွင် ကျရောက်သည့် “၇၆” နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့တွင် ကရင်နီပြည် တပ်ပေါင်းစုံ တပ်မှူးတပ်သားများ၊ ကရင်နီပြည်တပ်မတော် တပ်မှူးတပ်သားများ၊ KNDF တပ်မှူးတပ်သားများ၊ ကရင်နီပြည်ရှိ KPDF များနှင့် ပြည်သူလူထုကို မိန့်ခွန်းပြောကြားရာတွင် ဗိုလ်မှူးချုပ်အောင်မြတ်က ထိုသို့ ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။
ယင်းအပြင် ကရင်နီပြည်ရှိ နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားများကိုလည်း ပထွေးမျှော်ကိုးဝါဒကို မကျင့်သုံးဖို့လည်း ဗိုလ်မှူးချုပ်အောင်မြတ်က ထပ်လောင်းသတိပေး ပြောဆိုခဲ့သည်။
ကရင်နီပြည် အမျိုးသားတော်လှန်ရေးသည် အမြဲတမ်း အတက်အကျရှိခဲ့ပြီး ဒီမိုကရေစီကြောင့်သော်လည်းကောင်း၊ ဝါဒရေးရာအယူအဆ ကွဲပြားမှုကြောင့်သော်လည်းကောင်း အကွဲကွဲအပြားပြားဖြစ်ခဲ့ရသလို ကရင်နီပြည် တပ်မတော်သားများလည်း အလူးအလူးခံခဲ့ရသည်ဟု ဗိုလ်မှူးချုပ်အောင်မြတ်က ပြောပါသည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့် ဒီမိုကရေစီအရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို နှစ် (၇၀) ကျော် တောင်းဆိုလာခဲ့ပြီး ယနေ့တိုင် မရရှိသေးဘူးဟု ၎င်းကဆိုသည်။
ယခုအချိန်သည် ကရင်နီအမျိုးသား စည်းလုံးညီညွတ်မှုသည် ထိပ်ဆုံးရောက်နေပြီဖြစ်ပြီး ကိုယ့်ကံကြမ္မာ ဖန်တီးပိုင်ခွင့်ရရှိအောင် လုပ်ဆောင်ပြီး တခြားတိုင်းရင်းသားများနှင့်အတူ တိုက်ပွဲဝင်သွားရမည်ဟု ဗိုလ်မှူးချုပ် အောင်မြတ်က တိုက်တွန်းပြောပါသည်။
ကရင်နီပြည်တပ်မတော်ဥပဒေ စစ်စည်းကမ်း၊ အမိန့်ညွှန်ကြားချက်၊ လူထုဥပဒေ၊ ဓလေ့ထုံးတမ်း ဥပဒေများကို လိုက်နာကြရန်နှင့် ကမ္ဘာအရပ်ရပ်က ပြဌာန်းထားသည့် လူ့အခွင့်အရေးဆိုင်ရာစာချုပ်များ၊ စစ်သုံ့ပန်းဥပဒေများ၊ စစ်မြေပြင်၌ စစ်သားများလိုက်နာရမည့် ကျင့်ဝတ်များ၊ ကလေးသူငယ်များနှင့် အမျိုးသမီးများကို အထူးကာကွယ်စောင့်ရှောက်ရန် တော်လှန်ရေးရဲဘော်များကို ဗိုလ်မှူးချုပ်အောင်မြတ်က အထူးမှာကြားခဲ့သည်။
ကရင်နီပြည်တပ်မတော်သည် ၁၉၄၈ ခုနှစ်မှစပြီး ယနေ့အထိ ကရင်နီပြည်အစိုးရ၏ အုပ်ချုပ်မှုအောက် တည်ရှိနေသည့် လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်ပြီး လူမျိုးတစ်မျိုးတည်း၊ အမျိုးသားရေးကို ကိုယ်စားပြုခြင်း မဟုတ်ဘဲ တိုင်းပြည်တစ်ခုတည်းကိုသာ ကိုယ်စားပြုကြောင်း ဗိုလ်မှူးချုပ်အောင်မြတ်က ပြောဆိုသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်