သျှမ်းပြည်၊တောင်ကြီးခရိုင် အတွင်းရှိ မြို့နယ်များမှ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများအားလုံး စစ်တပ်အရန်အင်အား အဖြစ် တပ်ရင်းအသွင် ဖွဲ့စည်းကြရန် ညွှန်ကြားစာ ထုတ်ပြန်လာကြောင်း သိရှိရသည်။
ယခုသြဂုတ် ၉ နေ့ရက်စွဲဖြင့် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများအားလုံးကို စစ်တပ်၏ အရန်အင်အား အဖြစ် စုဆောင်းပြီး တပ်ရင်းအသွင်ဖွဲ့စည်းရန် ညွှန်ကြားထားသည့်စာကို သျှမ်းပြည်စစ်ကောင်စီ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းမှ လက်မှတ်ရေးထိုးထားသည်ကို တွေ့ရသည်။
ထိုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများအကြား စစ်သင်တန်း တက်ရမည်ကို စိုးရိမ်နေရကြောင်း ကလောမြို့နယ်တွင် နေထိုင်သည့် စည်ပင်ဝန်ထမ်း မိသားစုနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက အခုလို ပြောသည်။
“စာက လျှို့ဝှက်ဆိုပြီး ဌာနဆိုင်ရာ အသီးသီးကို ညွှန်ကြားလာတာပဲ၊ ဒါပေမဲ့ လိုင်းပေါ်မှာလည်း အဲ့စာတွေ ပေါက်သွားတယ်။ အမျိုးသားတွေမှ မဟုတ်ဘူး၊ အမျိုးသမီးတွေလည်း စစ်သင်တန်း တက်ပြီးတာနဲ့ အရန်တပ်ဖွဲ့ အဖြစ် အဆင်သင့် ဖြစ်အောင် လုပ်ရမယ်။ တာဝန်ကျတဲ့ နေရာကိုသွားပြီး တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး ညွှန်ကြားလာတယ်လို့ သိရတယ်Ó ဟု အဆိုပါအမျိုးသမီးက ပြောသည်။
စစ်ကောင်စီ၏ အဆိုပါထုတ်ပြန်ချက်တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများအားလုံးကို ပြည်သူ့စစ် တပ်ရင်းအသွင် ဖွဲ့စည်းခြင်း၊ အင်အား အခြေအနေပေါ်မူတည်၍ တာဝန်ခွဲ ဝေပေးခြင်းနှင့် အရေးကြုံလာပါက အရန်အင်အားများဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်မည့် စီမံချက်များ ရေးဆွဲတင်ပြ ရမည် ဖြစ်ကြောင်း ရေးသားထားသည်။
လက်ရှိတွင် တောင်ကြီးမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများတချို့သည် ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်သင်တန်းတွင် လက်နက်ငယ်သင်တန်း တက်ရောက်သင်ယူနေရကြောင်းလည်း တောင်ကြီးမြို့ခံ အစိုးရ ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
“ထွေအုပ်ရုံးက ဝန်ထမ်းတချို့ကို ဖောင်ကြီးသင်တန်းမှာ လက်နက်ငယ် ပစ်ခတ်သင်တန်းနဲ့ စစ်ရေးသင်တန်း တွေကို အဓိက ပေးနေတာ။ ဝန်ထမ်းတွေကို စစ်တိုက်ခိုင်းမယ့် သဘောပဲ၊ ဒီညွှန်ကြားချက်ကြောင့် တချို့ ဝန်ထမ်းတွေတော့ ပြေးမယ်ထင်တယ်Ó ဟု အဆိုပါ တောင်ကြီးမြို့ခံ အစိုးရဝန်ထမ်းက ပြောသည်။
တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် ပြည်သူ့စစ် တပ်ဖွဲ့များသည် ကရင်နီပြည်နယ်မှ စစ်ဆင်ရေးတွင် ဝင်ပါနေရပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ၏ ခုခံတော်လှန်မှုကြောင့် ထိခိုက်သေဆုံးမှုလည်း များနေကြောင်း သိရသည်။
ယင်းကဲ့သို့ ထိခိုက်သေဆုံးမှု များပြားသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့သည် ပျူစောထီးများကို လက်နက် ပေးအပ်ပြီး ရှေ့တန်းထွက်ခိုင်းခြင်းအပြင် ယခုအခါတွင် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများကိုပါ အရန်ဝန်ထမ်းများအဖြစ် ဖွဲ့စည်းကြရန် လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်းလည်း ဒေသခံများက ပြောဆိုသုံးသပ် နေကြသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။