တောင်ကုတ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများပြန်လည်ပြင်းထန်လာ

By MPM 4 စက်တင်ဘာ, 2024 👁

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့အကြား ရပ်တန့်နေသည့် တိုက်ပွဲများ ယခုရက်ပိုင်း ပြန်လည်ပြင်းထန်လာသည်ဟု ဒေသခံများပြောဆိုမှုအရ သိရသည်။

စက်တင်ဘာ ၃ ရက် နံနက် ၉ နာရီခန့်မှ ည ၁၁ နာရီခန့်အထိ တောင်ကုတ် – ပန်းတောင်း ရိုးမတောင်ကျော်လမ်း တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မနေ့က နံနက် ၉ နာရီကျော်ကနေ တညလုံးနီးပါး ရိုးမတောင်ပေါ်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်။ ဘယ်ဘက်က အထိအခိုက်ရှိလဲတော့ မသိရဘူး။ တိုက်ပွဲနေရာတွေကို စစ်ကောင်စီကတော့ လေကြောင်းက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့တယ်” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ဆိုသည်။

တိုက်ပွဲများသည် တောင်ကုတ် – ပန်းတောင်း ရခိုင်ရိုးမတောင်ကျော်လမ်းရှိ ခွေးတောက်၊ တန်းလျှားကြီး၊ ရပ်တော်မူစသည့် ကျေးရွာများအနီးတဝိုက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန် တောင်ကုတ်မြို့ရှိ စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး လေကြောင်းဖြင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည့်အပြင် တိုက်ပွဲမရှိသည့် တောင်ကုတ် – အမ်း လမ်းပေါ်ရှိ ကွမ်းစမ်းရွာ၊ မိုးကျေးရွာအနီးသို့လည်း လေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“မနေ့က တိုက်ပွဲဖြစ်ချိန်မှာ တိုက်ပွဲနဲ့ဘာမှဆိုင်တဲ့ ကွမ်းစမ်းတို့၊ မိုးကျေးရွာ အနီးအနားက တောင်တန်းတွေကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်။ ဒေသခံတွေ ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရတယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း တိုးလာနေကြောင်း သိရသည်။

ဩဂုတ်လ ၃၁ ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကုတ်မြို့နယ် ခရိုင်ကျွန်းရွာတွင် အမျိုးသား ၁ ဦး သေဆုံးပြီး ၅ ဦး ထိ ဒဏ်ရာရရှိခဲ့သေးသည်။

အောင်ထိန် (DMG) ပေးပို့သည်။