တီးတိန်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းမှုကို လက်မခံဟု ZFU /တီးတန်ပအဖ အသိပေးထုတ်ပြန်

By MPM 8 အောက်တိုဘာ, 2024 👁

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားသည့် PDA – Tedim ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တီးတိန်) က ဖွဲ့စည်းလိုက်သော တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီကို လက်မခံကြောင်း ဇိုမီးဖက်ဒရယ်ယူနီယံ ZFU/တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထုတ်ပြန်သည်။

တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် တွန်းဇန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ကို ၂၀၂၁ ခုနှစ်၊ မတ်လ (၁) ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ညွှန်ကြားချက်အရ စတင်ဖွဲ့စည်းခဲ့ပြီး၊ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)၊ မြို့နယ်ပြည်သူလူထုနှင့် အတူလက်တွဲကာ ယနေ့အချိန်ထိ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများအား တစိုက်မတ်မတ် ဖော်ဆောင်လျက်ရှိသည်ဟု ဇိုမီးဖက်ဒရယ်ယူနီယံ ZFU/ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပြောလာသည်။

People Defence Army (PDA-Tedim) က တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းသော ကြေညာချက်သည် ချင်းပြည်နယ်တစ်ခုလုံးကို စိုးမိုးခြယ်လှယ်လိုသည့် CNF/CNA ၏ ညစ်ပတ်သော နိုင်ငံရေးကစားကွက်တစ်ခုသာဖြစ်ပြီး တရားဝင်မှုမရှိကြောင်းနှင့် တီးတိန်မြို့နယ်ရှိ ပြည်သူလူထုမှလည်း လုံးဝ (လုံးဝ) လက်မခံကြောင်း အသိပေးကြေညာလိုက်သည်ဟု ဇိုမီးဖက်ဒရယ်ယူနီယံ ZFU/ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ PDA – Tedim ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တီးတိန်) သည် တီးတိန်မြို့နယ်အတွင်းရှိ ဒေသအသီးသီးမှ ကိုယ်စားလှယ် ၁၁၂ ဦးပါဝင်သော အစည်းအဝေးကို ကျင်းပခဲ့ကြပြီး တီးတိန်မြို့နယ်အတွင်း ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီကို အောက်တိုဘာလ ၇ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

KMG ပေးပို့သည်။