တီမောသံရုံး ယာယီတာဝန်ခံကို စစ်ကော်မရှင် နှင်ထုတ်မှု NUG ပြင်းထန်စွာ ရှုတ်ချ

By MPM 16 ဖေ‌ဖော်ဝါရီ, 2026 👁 2

ရန်ကုန်မြို့ရှိ တီမောလက်စတေးနိုင်ငံ သံရုံးယာယီတာဝန်ခံ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာကို ဖေဖော်ဝါရီလ ၂၀ ရက်ထက် နောက်မကျဘဲ မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာရန် စစ်ကောင်စီက အကြောင်းကြားခဲ့သည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) တွင် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။

စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တီမောသမ္မတသည် မြန်မာ့ပြည်တွင်းရေးကို စွက်ဖက်နေသည့်အတွက် ယခုကဲ့သို့ အရေးယူရခြင်းဖြစ်ကြောင်း ဖော်ပြသည်။

NUG က စစ်ကော်မရှင်၏ ခြိမ်းခြောက်အကျပ်ကိုင်မှုသည် “သံတမန်ဆက်သွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း” ပါ မူဘောင်များကို ထိပါးဖျက်ဆီးခြင်းဖြစ်သည်ဟု ဆိုသည်။

NUG သည် အာဆီယံနိုင်ငံအချို့နှင့် ပုံမှန်ဆက်သွယ်မှုရှိသော်လည်း တီမောနိုင်ငံကိုသာ သီးသန့်ပစ်မှတ်ထား တိုက်ခိုက်ခြင်းမှာ နိုင်ငံတကာသံတမန်ရေးရာ စံနှုန်းများကို လေးစားမှုမရှိခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံတွင် တရားမျှတမှုရရှိရေးအတွက် ကူညီပေးနေသည့် တီမောလက်စတေးအပါအဝင် နိုင်ငံတကာမိသားစုကို ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာပြည်သူများအပေါ် ဆက်လက်ကူညီပေးရန်လည်း NUG က တိုက်တွန်း တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်တွင် တီမောသမ္မတ ဟိုဆေး ရာမို့စ် ဟော်တာသည် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) နှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် CHRO က စစ်ကောင်စီကို စစ်ရာဇဝတ်မှုများဖြင့် တီမောအစိုးရရှေ့နေရုံးတွင် တိုင်ကြားထားမှုကို တီမောအစိုးရက ရှေ့နေခန့်အပ်ကာ လေ့လာရန် စီစဉ်ခဲ့သည်။

ထို့ကြောင့် စစ်ကော်မရှင်က ဇန်နဝါရီလအတွင်း တီမောသံတမန်ကို ဆင့်ခေါ်ကာ ကန့်ကွက်လွှာပေးပို့ခဲ့သော်လည်း တီမောဘက်က သဘောထားပြောင်းလဲခြင်းမရှိဟုဆိုကာ မြန်မာနိုင်ငံမှာ ထွက်ခွာရန် အကြောင်းကြားခဲ့ကြောင်း စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တီမော၏ လုပ်ရပ်သည် အာဆီယံပဋိညာဉ်ပါ ပြည်တွင်းရေးမစွက်ဖက်ရေးမူကို ချိုးဖောက်သည်ဟု စစ်ကော်မရှင်က စွပ်စွဲထားသည်။

တီမောသံတမန် ယခု နှင်ထုတ်ခံရမှုသည် ၂၀၂၃ ခုနှစ်နောက်ပိုင်း ဒုတိယအကြိမ်ဖြစ်ပြီး၊ ယခင်ကလည်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို တီမောအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ဖိတ်ကြားခဲ့မှုကြောင့် အလားတူ အရေးယူမှုမျိုး ကြုံတွေ့ခဲ့ဖူးသည်။

၂၀၂၅ ခုနှစ် ဇူလိုင်လက စပြီး ပြန်လည်ထိတွေ့မှုများ ရှိခဲ့သော်လည်း ယခုဖြစ်ရပ်ကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ တဖန်ပြန်လည် တင်းမာသွားပြီဖြစ်သည်။

မဇ္ဈိမ