ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် “တိုက်ပွဲဖြစ်မည်” ဟု သတင်းထွက်ပေါ်နေ၍ ဒေသခံများမှာ စိုးရိမ်ကြောက်လန့်ပြီး လုံခြုံရာသို့ တိမ်းရှောင်နေကြရာတွင် ဗန္ဓုလ၊ တောင်ရပ်၊ ကံလှ၊ ကုန်သည်တန်း၊ ရွှေတောင် စသည့် ရပ်ကွက်များမှ ထောင်နှင့်ချီရှိသည့် ဒေသခံများမှာ ယာယီ တိမ်းရှောင်နေကြကြောင်း သိရသည်။
“အခုက မြောက်ဦးမှာ စစ်ရေးတင်းမာနေကြတဲ့ အခြေအနေ ဖြစ်တယ်။ ဒေသခံတွေက တိုက်ပွဲဖြစ်မှာကို စိုးရိမ်လို့ ရှောင်တာ၊ တိုက်ပွဲဖြစ်ပြီဆိုရင် စစ်ကောင်စီက မြို့ထဲကို လက်နက်ကြီး/ငယ်တွေနဲ့ ရမ်းပစ်တယ်။ အရပ်သားတွေကို ဖမ်းတယ်။ အဲဒါတွေကို စိုးရိမ်လို့ ရှောင်ကြတာ” ဟု တိမ်းရှောင်နေသူတစ်ဦးက ပြောသည်။
မြောက်ဦးမြို့၊ ငွေတောင်ပေါက် တံတားအနီးတွင် ဒီဇင်ဘာ ၆ ရက်က စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA) က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်တွင် သကျမာန်အောင်ဘုရားအနီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ ရဟတ်ယာဉ်တို့ဖြင့် မြောက်ဦးမြို့အနီးကို ရမ်းသမ်း ပစ်ခတ်ခဲ့၍ ရှေးဟောင်းဘုရားပုထိုးတချို့ ထိခိုက်ပျက်စီးသွားခဲ့သည်။
ယင်းတိုက်ပွဲပြီးနောက်တွင် စစ်ကောင်စီက မြောက်ဦးမြို့အတွင်း စစ်ရေးပြင်ဆင်မှုများ ပို၍လုပ်ဆောင်လာပြီး လက်နက်ကြီး/ငယ် ပစ်ခတ်မှုများ၊ ဒေသခံများကို ဖမ်းဆီးမှုများ လုပ်ဆောင်နေသည်ဟု မြို့ခံများက ပြောဆိုသည်။
“တိမ်းရှောင်ကြတာက သက်ကြီးပိုင်းနဲ့ ကလေးတွေ ပိုများတယ်။ တိမ်းရှောင်ရမယ်လို့ ပြောထားတာတော့ မဟုတ်ဘူး။ ရပ်မိရပ်ဖတွေက ပိုပြီးသတိထားနေကြဖို့ကို သတိပေးထားတာ” ဟု လူမှုကူညီရေးသမားတစ်ဦးက ပြောသည်။
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ တိုက်ပွဲနယ်မြေမှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ ရမ်းဗြဲ၊ တောင်ကုတ် မြို့နယ် အထိ တဖြည်းဖြည်း ကျယ်ပြန့်လာနေပြီး တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသူဦးရေလည်း များပြားလာနေသည်။
အောင်ထိန် (DMG) ပေးပို့သည်။