တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့ရှိ ကျေးရွာ ၇ ရွာကို စစ်ကောင်စီက ချက်ချင်းပြောင်းရွှေ့ခိုင်း

By MPM 15 အောက်တိုဘာ, 2024 👁

ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အမ်း- စစ်တွေ ကားလမ်းမအနီးအနားရှိ ကျေးရွာ ၇ ရွာကို စစ်ကောင်စီက ချက်ချင်းပြောင်းရွှေ့ခိုင်းသဖြင့် ကျေးရွာသားများသည် နေအိမ်များကိုစွန့်ခွာ၍ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးခဲ့ကြရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကျေးရွာများသည် တိုက်ပွဲဖြစ်ပွားနေသည့် မဲတောင်အနီးရှိ ကြောင်ဖြူကွင်း၊ ရပ်သာ၊ ကျွဲသလင်း၊ ပျဉ်းတောကြီး၊ နေကာရွာသစ်၊ ဂွေးကိုင်းရွာနှင့် ကြပ်ရွာတို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

တိုက်ပွဲပြင်းထန်နေသည့် မဲတောင်ပတ်ဝန်းကျင်တွင် AA ရှိနိုင်သည်ဟု သံသယရှိသည့် ကျေးရွာများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဌာနချုပ် အမိန့်ဖြင့် အောက်တိုဘာ ၆ နေ့တွင် အမိန့်ပေးပြောင်းရွှေ့ခိုင်းခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဒီနေ့ပဲ ကြောင်ဖြူကွင်း၊ ရပ်သာ အပါအဝင် ကျေးရွာခုနှစ်ရွာကို ဒီနေ့ပဲ အမြန်ရွှေ့ခိုင်းတယ်။ ဘာမှယူချိန်တောင်မရခဲ့ဘူး။ လေယာဉ်နဲ့ ဗုံးကြဲမယ်လို့လည်း ပြောတယ်။ အဲဒါကြောက်ပြီး ဘေးလွတ်ရာကို အကုန်ပြေးကြတယ်။ တိုက်ပွဲကလည်း ပတ်ဝန်းကျင်မှာ ပြင်းနေတယ်။ တိုက်ပွဲအနီးအနားကိုလည်း လေယာဉ်က နေ့စဉ် ဗုံးကြဲနေတော့ ကျွန်တော်တို့လည်းကြောက်လို့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အခုရွာက ပြေးလာကြတယ်” ဟု အဆိုပါဒေသခံက ပြောပြသည်။

ထွက်ပြေးကြသည့် ကျေးရွာများမှာ ရွာငယ်များဖြစ်ကြပြီး တချို့ကျေးရွာများ၌ ရခိုင်နှင့် ချင်းလူမျိုးများ ပူးပေါင်းနေထိုင်သော ရွာများဖြစ်ကြပြီး တချို့ကျေးရွာများသည် ချင်းလူမျိုးသက်သက် နေထိုင်သည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။

“ရွာကနေ ပြေးတဲ့သူတွေက အမ်းမြို့ပေါ်ကို ပြေးတယ်။ အခု အမ်းမြို့ကို ရောက်ရှိနေသူတချို့ရှိတယ်။ တချို့က တခြားနီးစပ်ရာကျေးရွာတွေကို ပြေးတယ်။ လူပေါင်း ၆၀၀ ကျော်လောက်ရှိမယ် ထင်ပါတယ်။ ဗုံးကြဲမယ်ဆိုတော့ လူတိုင်းကြောက်ရတယ်လေ” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

ထွက်ပြေးလာကြသူများထဲမှ မှတ်ပုံတင်မရှိသူ မိသားစုများအနေဖြင့် အမ်းမြို့ပေါ်သို့မပြေးဘဲ တခြား စစ်ကောင်စီတပ်မရှိသည့် နေရာများသို့ ထွက်ပြေးကြကြောင်း သိရှိရသည်။

ကြောင်ဖြူကွင်းတွင် အိမ်ခြေ ၅၀၊ နေကာရွာသစ်တွင် အိမ်ခြေ ၂၀၊ ဂွေးကွင်းရွာတွင် အိမ်ခြေ ၂၅၊ ရပ်သာတွင် အိမ်ခြေ ၃၅၊ ကျွဲသလင်းတွင် အိမ်ခြေ ၃၀၊ ပျဉ်းတောကြီးတွင် အိမ်ခြေ ၂၅၊ ကြပ်ရွာတွင် အိမ်ခြေ ၂၀ တို့ရှိကြောင်း ရွာခံများပြောဆိုမှုအရ သိရသည်။

စစ်ကောင်စီသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မကျစေရန် အမ်း – စစ်တွေလမ်းမအနီး တောင်ဟိန်းတောင် ဗျူဟာနှင့် မဲတောင်ဗျုဟာတို့ကို အဓိက ခံစစ်အဖြစ် အခိုင်အမာ တည်ဆောက်ထား သော်လည်း တောဟိန်းတောင်ဗျုဟာကို AA သိမ်းပိုက်ရရှိသွားခဲ့သည်။

ယင်းနောက် မဲတောင်ဗျူဟာအား AA ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် မဲတောင်အနီးဝန်းကျင်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး လေယာဉ်နှင့်လည်း အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

လက်ရှိ၌ တိုက်ပွဲများသည် အမ်း နပခဌာနချုပ် အနီးအနားထိ ရောက်ရှိလာပြီး စက်တင်ဘာကစတင်ပြီး ယခု အောက်တိုဘာလအထိ အာရက္ခတပ်တော်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် အကြိမ်ပေါင်းများစွာ နပခတိုင်းဌာနချုပ်ကို ပစ်ခတ်မှုများပြုလုပ်နေပြီး နပခတွင် အကျအဆုံးများလည်း ရှိနေသည်ဟု သိရှိရသည်။

နိရဉ္စရာ ပေးပို့သည်။