ရခိုင်ပြည်၊ ဂွမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားမှုနှင့်အတူ ကုန်စည်သယ်ယူခွင့် ကန့်သတ်ခံထားရတာကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်နေပြီး ဆန်ကြမ်းတစ်ပြည်ကို ငွေကျပ် ၁၃,၀၀၀ အထိ ဈေးမြင့်တက် နေကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။
ယခင်က ဆန်ကြမ်းတစ်ပြည်ကို ငွေကျပ် ၃,၀၀၀ နီးပါးသာရှိခဲ့ပြီး ဂွမြို့နယ်တွင် တိုက်ပွဲစဖြစ်သည့် ဩဂုတ်လမှစ၍ ကုန်ပစ္စည်းသယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် ဆန်ကြမ်းတစ်ပြည်ကို ၇,၀၀၀ ကျပ်ထိ မြင့်တက်လာခဲ့သည်။
လက်ရှိတွင် စားနပ်ရိက္ခာပြတ်လပ်မှု ဆိုးရွားလာမှုနှင့်အတူ ဆန်ကြမ်းတစ်ပြည်ကို ငွေကျပ် ၁၀,၀၀၀ မှ ၁၃,၀၀၀ ကျပ်အထိ မြင့်တက်နေကြောင်း ဒေသခံများက ပြောပါသည်။
ဂွဒေသခံ အမျိုးသမီးတစ်ဦးက “ဆန်ဈေးကြီးလို့ ရွာတွေမှာလည်း ဆန်ပြုတ်သောက်နေကြရတဲ့လူတွေ ရှိတယ်။ ဝင်ငွေမရှိလို့ ရောင်းတာကိုမဝယ်နိုင်၊ ငွေရှိတော့လည်း ဝယ်စရာဆန်မရှိပြန်ဘူး” ဟု ပြောသည်။
ဂွမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားချိန်မှစ၍ ဧရာဝတီတိုင်းမှ ကုန်ပစ္စည်းသယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်လိုက်သဖြင့် အခြေခံစားသောက်ကုန် ပြတ်လပ်မှုနှင့် ကြုံတွေ့နေကြရခြင်း ဖြစ်သည်။
လက်ရှိတွင် ဧရာဝတီတိုင်းဘက်မှ ဆန်တင်သွင်းမည်ဆိုပါက လူတစ်ဦးလျှင် ဆန် ၂ ပြည်သာ သယ်ယူ ခွင့်ပြုကြောင်း ဂွဒေသခံများက ပြောသည်။
ဂွဒေသတွင် စိုက်ပျိုးမြေဧရိယာ နည်းပါးမှုကြောင့် ဆန်အပါအဝင် ကုန်စည်၊ ဟင်းသီးဟင်းရွက်များကို ဧရာဝတီတိုင်းဘက်ကို အားထားနေရသည်။
လက်ရှိတွင် ဆေးရုံ၊ ဆေးခန်းများ လည်ပတ်မှု ရပ်တန့်နေခြင်းနှင့်အတူ ဆေးဝါးပြတ်လပ်နေမှုကြောင့် ကျန်းမာရေးနှင့်ပတ်သက်ပြီး စိုးရိမ်စရာ ဖြစ်နေသည်ဟု ဂွဒေသခံများက ပြောသည်။
“စက်တင်ဘာလတုန်းက မြို့ပေါ်မှာတောင် ဆေးဆိုင်တစ်ဆိုင်ပဲ ဖွင့်တော့တယ်။ အခု အဲဒီဆိုင်လည်း မရှိတော့ဘူး။ ဆေးက လုံးဝရှာမရတော့လို့ ရိုးရိုးဖျားရင်တောင် မကုနိုင်တော့ဘူး” ဟု ဂွဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် ဂွမြို့နယ်၊ ကျိန္တလီမြို့အနီးရှိ ကုလားပြင်ရွာတလျှောက် တိုက်ပွဲများရှိနေပြီး ကုလားပြင်တံတားထိပ်ရှိ ကိုင်းခုံနှင့် ဂန့်ဂေါ်တောင်ရှိ စစ်ကောင်စီ တပ်စခန်းများကို အောက်တိုဘာ ၆ ရက်တွင် AA က သိမ်းပိုက် ထားသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဂွမြို့နယ်အတွင်းက ဒေသခံသောင်းနှင့်ချီမှာ ပြည်မဘက်နှင့် အခြားနေရာအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
အောင်ထိန် (DMG) ပေးပို့သည်။