တာချီလိတ်တွင် ထိုင်းဘက်က လူသုံးကုန်ပစ္စည်းနှင့် ဂက်စ်တင်သွင်းမှုပါ ပိတ်ပင်ထားတာကြောင့် လောင်စာဆီ အခက်ကြုံနေ

By MPM 16 ဖေ‌ဖော်ဝါရီ, 2025 👁 4

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ထိုင်းအစိုးရဘက်က ကျားဖြန့်လုပ်ငန်းများ နှိမ်နှင်းမည်ဟုဆိုကာ လျှပ်စစ်၊ စက်သုံးဆီနှင့်အတူ ဂက်စ်တင်သွင်းမှုအပါအဝင် လူသုံးကုန်ပစ္စည်းများ တင်သွင်းခွင့်ကို ကန့်သတ် ပိတ်ပင်ထားတာကြောင့် ဒေသခံများအခက်ခဲကြုံတွေ့နေရကြောင်း တာချီလိတ်မြို့ခံများက ပြောဆိုသည်။

လူသုံးကုန်ပစ္စည်းများဖြစ်သည့် မိုဘိုင်းဖုန်း၊ ဘထ္ထရီ၊ အင်ဗာတာ၊ မီးစက်၊ ဆိုလာပြား၊ မိုဘိုင်းကိရိယာများ၊ ကေဘယ်လ်ကြိုး စသည့်ဖြင့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် အသုံးပြုနိုင်သော လျှပ်စစ်နှင့် ကွန်ပျူတာဆော့ဖ်ဝဲများကိုပါ ထိုင်းအစိုးရဘက်က ကန့်သတ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

“အခုနောက်ပိုင်း တာချီလိတ်မှာနေရတာ သိပ်အဆင်မပြေတော့ဘူး။ ဈေးရောင်းလည်း တော်တော်ပါးတယ်။ မီးလည်း ၅ နာရီလာ၊ ၅ နာရီ ပျက်နေတာ။ သောက်ရေသန့်လည်း ၁၅ ဘတ်ကနေ ၂၀ အထိ ဖြစ်သွားပြီ” ဟု တာချီလိတ်မြို့ခံတစ်ဦးက ပြောသည်။

ယင်းအပြင်ထိုင်းဘက်က ဂက်စ်တင်သွင်းမှု ပိတ်ပင်ထားသည့်အတွက် တာချီလိတ်မြို့တွင် ဂက်စ်ဝင်ရောက်မှုနည်းလာကာ မီးဖိုချောင်သုံးဂက်စ် (Gas) များ ဈေးနှုန်းမြင့်တက်နေကြောင်း တာချီလိတ်မြို့ခံ အိမ်ရှင်မတစ်ဦးက ပြောဆိုသည်။

“မီးဖြတ်၊ ဆီဖြတ်နဲ့ အခုဂက်စ် (Gas) လည်း စနေပြီ။ တချို့ရောင်းတောင် မရောင်ပေးကြဘူး။ ပြတ်နေတယ်ဆိုပြီး ပြောတယ်။ ဂက်စ်ကတော့ ၂ ဆဖြစ်သွားပြီ” ဟု အဆိုပါအိမ်ရှင်မက ပြောသည်။

တာချီလိတ်မြို့တွင် ယခင်က အလေးချိန် (15 Kg) ဂက်စ်အိုး ၁ အိုးလျှင် ထိုင်းဘတ်ငွေ ၈၅၀ ဘတ်ရှိရာမှ (မြန်မာကျပ်ငွေ တစ်သိန်းဝန်းကျင်) ယခုအခါ ၁,၅၀၀ ဘတ် (မြန်မာကျပ်ငွေ တစ်သိန်းခွဲ နှစ်သိန်းဝန်းကျင်) အထိ မြင့်တက်လာနေကြောင်း ဒေသခံများကပြောသည်။

လက်ရှိ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှပေးလွှတ်သည့် လျှပ်စစ်မီးများ ဖြတ်တောက်ခံရသော်လည်း လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အားလိုင်းများဖြင့် အသုံးပြုနေရသည်ဟု တာချီလိတ်မြို့ခံများ ပြောဆိုမှုအရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်တွင် အထူးစုံစမ်းစစ်ဆေးဌာန (DSI) က ထိုင်း-မြန်မာနယ်စပ် မြိုဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း တည်ထောင်လုပ်နေကိုင်နေသည့် ကရင်နယ်ခြားစောင့်တပ်မှူး စောချစ်သူအပါအဝင် ခေါင်းဆောင် ၃ ဦးကို လူကုန်ကူးမှုသံသယဖြင့် ဝမ်းဝရမ်းထုတ်ရန် အစိုးရရှေ့ထံ တင်ပြခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြခဲ့သည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။