တာကလယ်စခန်းကို KNLA ပူးပေါင်းတပ်သိမ်းပိုက်၊ လက်နက်ကြီးကျည်အပါအဝင် ခဲယမ်းအများအပြားရရှိ

By MPM 14 မေ, 2025 👁

ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ (၇)၊ ဖားအံခရိုင် ထိန်းချုပ်နယ်မြေရှိ စစ်ကောင်စီ၏ တာလယ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်က မေလ ၁၃ ရက်နေ့ ညပိုင်းတွင် အပြီးသတ်သိမ်းနိုင်ခဲ့ပြီး ၁၂၀ မမ လက်နက်ကြီးကျည်အပါအဝင် ခဲယမ်းအများအပြားရရှိခဲ့ကြောင်း သိရသည်။

ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ ၂၄) အခြေချ တာလယ်ဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်က ၅ ရက်ကြာ စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်အပြီး မေလ ၁၃ ရက်နေ့ ည ၆နာရီ မိနစ် ၂၀ တွင် အပြီးသတ်သိမ်းယူလိုက်နိုင်ခြင်းဖြစ်သည်။

စခန်းရရှိပြီးနောက် စစ်ကောင်စီ၏ ၁၂၀ မမ၊ ၈၁ မမ ပစ် ကျည်ဆံအများအပြားအပါအဝင် အခြားခဲယမ်းများနှင့် လက်နက်အလက် ၃၀ ကျော် ကို KNLA ပူးပေါင်းတပ်က ရရှိခဲ့သည်ဟု တိုက်ပွဲအတွင်း ကိုယ်တိုင်ပါဝင်ခဲ့သည့် တပ်မဟာ(၇) KNLA တာဝန်ရှိသူ တပ်မှူးတစ်ဦးက ယခုလို ပြောဆိုသည်။

အဆိုပါတပ်မှူးက “ကျနော်တို့ဘက်က အခြေအနေကောင်းတယ်။ ကျည်ဆံတွေကတော့ အများကြီးရတယ်။ ၁၂၀ မမတို့ ၈၁ အသီးတို့လည်း အများကြီးရတယ်။ ၁၂၀ အသီးပဲဆို ၇၀ ကျော်ပြီ။ လက်နက်ဆို အလက် ၃၀ ကျော်ရတယ်။ ရေတွက်လို့တောင် မကုန်သေးဘူး” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၄၀ ကျော် ရှိသည့် တာလယ်ဗျူဟာစခန်းအား သိမ်းမိပြီးနောက် KNLA က စခန်းရှင်းလင်းရေးလုပ်ဆောင်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးအား သေဆုံးလျက်တွေ့ရှိရသလို စခန်းမှစွန့်ခွာထွက်ပြေးသူ အယောက် ၂၀ ကျော်ရှိကြောင်းလည်း KNLA သတင်းအရင်းအမြစ်ထံမှ သိရသည်။

ဖော်ပြပါ တိုက်ပွဲတွင်ပါဝင်ခဲ့သူတပ်မှူးက ဆက်လက်၍ “စခန်းထဲမှာ ၄၅ ယောက်ရှိတယ်လို့ ကျနော်တို့ သိထားတယ်။ အရှင်မိတာ မရှိဘူး။ သူတို့ခုခံရင်ဆိုင်လို့ မရတော့တဲ့အခါမှာ အကုန်လုံး ထွက်ပြေးသွားတယ်။ ထွက်ပြေးသွားတာ ၂၀ ကျော်ရှိတယ်လို့ သိရတယ်” ဟု ပြောသည်။

ထို့အပြင် ထိုင်းသတင်းအရင်းအမြစ်များကလည်း ထိုင်းနယ်စပ်နှင့် ၇ ကီလိုမီတာသာကွာဝေးသည့် စစ်ကောင်စီ အခြေစိုက်စခန်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်စဥ် စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ကူပေးခဲ့သော်လည်း မခုခံနိုင်ဘဲ စခန်းမှဆုတ်ခွာပေးလိုက်ရကြောင်း လူမှုကွန်ရက်တွင် ရေးသားဖော်ပြကြသည်။

အဆိုပါ စစ်စခန်းတက်သိမ်းပြီးနောက်နေ့ တမနက်တည်းတွင်ပင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ထက်မနည်း လုပ်ဆောင်ခဲ့သည်။

ထို့အတူ စခန်းစတင်တိုက်ခိုက်သည့် ရက်ကတည်းက စခန်းအနီးတဝိုက် ကျေးရွာနေဒေသခံများသည် ထိုင်းနိုင်ငံ ထာ့ဆောင်ယန်းမြို့နယ်ထဲရှိ မယ့်လာထသို့ စစ်ရှောင်ရန် ရောက်ရှိလာကြပြီး ထိုင်းအာဏာပိုင်များက အကူအညီပေးထားသည်ဟု ထိုင်းဘက်ခြမ်းရှိ ဒေသခံများက ပြောသည်။

KNU တပ်မဟာ (၇) သတ်မှတ်နယ်မြေအနေဖြင့် ပြီးခဲ့သည့် မေလ ၉ ရက်နေ့ကလည်း ပိုင်ကျုံမြို့နယ်အတွင်းရှိ တခေါ်ဘီခွီး (လေးပနားဒီ) စခန်းကို KNLA ပူးပေါင်းတပ်က သိမ်းယူထားနိုင်သည်။

KIC ပေးပို့သည်။