တရုတ် – မြန်မာနယ်စပ်ဂိတ်ပိတ်ပင်ထားမှုကြောင့် ဒေသခံပြည်သူများ ဝမ်းရေးရှာစားရပိုခက်လာဟုဆို

By MPM 13 နိုဝင်ဘာ, 2024 👁

တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တွင် တရုတ်အာဏာပိုင်တို့က နယ်စပ်ဂိတ်ကို ပိတ်ပင်လိုက်ပြီးနောက် ဝမ်းရေးအတွက် ရှာဖွေလုပ်ကိုင်နေသည့် ဒေသခံပြည်သူများသည် စတင်အခက်ကြုံတွေ့နေရသည်ဟု စုံစမ်းသိရသည်။

စစ်အာဏာမသိမ်းခင် ကိုဗစ်-၁၉ ကာလမှစတင်ပြီး ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာရာ “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်းတွင် သျှမ်းပြည် တရုတ်-မြန်မာနယ်စပ်တွင် နေထိုင်သည့်သူများသည် စားဝတ်နေရေး ပိုခက်ခဲလာသည်ဟု ဆိုသည်။

ထို့အပြင် တရုတ်အာဏာပိုင်တို့မှ နယ်စပ်ဂိတ်တွင် တရားမဝင် သွင်းကုန်၊ထွက်ကုန်များကို တင်းကြပ်လိုက်တာကြောင့်၊ တရုတ်ပြည်ဘက်မှ ကုန်များကို မြန်မာပြည်အတွင်းသို့ တရားမဝင်တင်သွင်းရန် မရတော့သဖြင့် ပြည်သူများ ဝမ်းရေးအတွက် အခက်အခဲဖြစ်လာကြောင်း မူဆယ်ဒေသခံများက ပြောဆိုသည်။

မူဆယ်တွင် ကုန်စိမ်းရောင်းချနေသူတစ်ဦးက “အခုက တရုတ်ပြည်ဘက်ကနေ ဘာမှထုတ်လို့မရဘူး။ မူဆယ်က တရုတ်ဘက်က ကုန်စိမ်းကို အားကိုးနေရတာ။ တပိုင်တနိုင်လုပ်တဲ့သူတွေလည်း ဘာမှထုတ်လို့မရတော့ဘူး” ဟု ပြောသည်။

လက်ရှိတွင် တရုတ်အာဏာပိုင်တို့က နယ်စပ်ဂိတ်ပိတ်လိုက်သည့်အတွက် ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှု၊ ဝင်ငွေရှားပါးမှုနှင့် အလုပ်အကိုင် ရှားပါးမှုကြောင့် စားဝတ်နေရေး ပိုကျပ်တည်းလာနိုင်ကြောင်း မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မူဆယ်မြို့နယ်သည့် တရုတ်နယ်စပ်မြို့ဖြစ်ပြီး တပိုင်တနိုင် ကုန်ကူးသန်းရောင်းဝယ်မှု အားကိုးရသည့်ဒေသ ဖြစ်ပြီး တရုတ်ပြည်ဘက်မှ ကုန်စည်များကို အားကိုးနေရသည့်မြို့ ဖြစ်သော်လည်း တရုတ်အာဏာပိုင်များက နိုဝင်ဘာ ၁၁ ရက်နေ့တွင် စတင်ပိတ်ဆိုင်းခဲ့သည်။

“ဒီကလူတွေက တရုတ်ပြည်ကနေ တပိုင်တနိုင်ကုန်တွေဝယ်ပြီး ဒီဘက်ခြမ်းကို ပြန်ရောင်းတာ။ အခုက ဘာဆို ဘာမှတင်သွင်းလို့မရတော့ အလုပ်လက်မဲ့တွေ ဖြစ်ကုန်ပြီလေ။ ဒါကလည်း စစ်ခေါင်းဆောင် တရုတ်ပြည်သွားပြီး နောက်ဖြစ်လာတဲ့ အကျိုးဆက်ပဲ” ဟု မူဆယ်ဒေသခံအမျိုးသားက ပြောဆိုသည်။

အလားတူ တပိုင်တနိုင်စိုက်ပျိုးပြီး တရုတ်ပြည်ဘက်သို့ ရောင်းချနေသည့်သူများနှင့် မီးသွေးရောင်းဝယ်သည့် နမ့်ခမ်းဒေသခံများလည်း အခက်အခဲကြုံတွေ့နေရသည်ဟု ပြောဆိုကြသည်။​

“အခုလို ဂိတ်တွေပိတ်တော့ ပိုဆိုးလာတာပေါ့။ ကုန်ဈေးနှုန်းက နေ့တိုင်းလိုလို တက်လာတယ်။ ကျနော်တို့ စိုက်ပျိုးရေးလုပ်တဲ့ သူကလည်း တရုတ်ဘက်ကို တင်သွင်းမရ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး” ဟု အသက် ၄၀ အရွယ် နမ့်ခမ်းဒေသခံအမျိုးသားက ဆိုသည်။

နမ့်ခမ်းမြို့မှထွက်ရှိသည့် ကောက်ပဲသီနှံနှင့် မီးသွေးများကို နောင်တောင်း နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က နမ့်ခမ်းမြို့ကို ထိန်းချုပ် လိုက်ပြီးနောက် တရုတ်ဘက်က နယ်စပ်ဂိတ်ကို ပိတ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

တရုတ် – မြန်မာနယ်စပ်ဂိတ်များကို စစ်ကောင်စီက အပြည့်အဝစီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု တရုတ်ဝန်ကြီးချုပ် Mr. Li Qiang က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်က တွေ့ဆုံစဥ် ပြောဆိုခဲ့သည်။

ထိုနည်းတူ လက်ရှိတွင် သျှမ်းတောင်မှမြောက်ပိုင်းသို့သွားသည့် ရပ်စောက် – ကျောက်ဂူလမ်းပိုင်း၊ ရပ်စောက်မြို့ အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် ပိတ်ထားလိုက်သဖြင့် မြောက်ပိုင်းသွားမည့်ကားများ ပြန်လှည့်လာရကြောင်း သိရသည်။

“ကျနော်အထင် သျှမ်းမြောက် တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်တဲ့နေရာကို စစ်ရေး ပိုလှုပ်ရှားမယ်။ ရိက္ခာ ဖြတ်တောက်မယ်။ လူထုကတော့ ပိုကျပ်တည်းမယ်။ ကုန်စည်စီးဆင်းမှု လုံးဝမရအောင် စစ်တပ်ကလုပ်မှာပဲ” ဟု မူဆယ်မြို့ဒေသခံ​ အမျိုးသားက ထပ်လောင်းပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်အပြန် သျှမ်းမြောက်တော်လှန်ရေးအင်အားစုတို့ သိမ်းပိုက်ထားသော နယ်မြေများကို နေ့စဉ်ရက်ဆက် လေကြောင်းဗုံးကြဲမှု စတင်လာနေပြီး အရပ်သားသေဆုံးမှု များလာကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။