ကရင်နီ (ကယား) ပြည် ရဲဌာန (KSP) ဖွဲ့စည်းခဲ့သည့် ၃ နှစ်အတွင်း ရဲတပ်သားအင်အား (၁၀၀၀) ပြည့်မီရန် မျော်မှန်းထားသော်လည်း လက်ရှိ၌ ရဲအင်အား ၆၀၀ ကျော်သာ ရှိသေးသဖြင့် အသက် ၁၈ နှစ် ပြည့်ပြီးသား ပြည်သူများပါဝင်ကြရန် ဖိတ်ခေါ်သည်ဟု KSP သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။
ရဲလုပ်ငန်းတာဝန် မူလလုပ်ဆောင်ချက်များဖြစ်သည့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုနှင့် လုံခြုံရေး စသည့်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ထပ်မံဝင်ရောက်လာမည့် ရဲတပ်သားများကို ထိုလုပ်ငန်းများ၌ တာဝန်ပေး ခန့်အပ်သွားမည်ဖြစ်ကြောင်း KSP က ဆိုသည်။
KSP သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုက “ကျနော်တို့ရဲ့ မျော်မှန်းချက်က ၁၀၀၀ ပေါ့နော်။ အခုက ၆၃၈ ရှိပြီဆိုတော့ နောက်ထပ် ၃၀၀ ကျော်လောက် လိုသေးတာပေါ့နော် ၁၀၀၀ ပြည့်ဖို့ဆိုရင်။ အဲ့တာကြောင့်မို့ ကရင်နီပြည်ရဲ့ ရဲတပ်ဖွဲ့၊ ရဲဌာနပေါ့နော် အဖွဲ့ဝင်ဖြစ်ဖို့အတွက် အသက် ၁၈ နှစ်ပြည့်ပြီးသား ပြည်သူတွေကို ကျနော်တို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ပြောသည်။
လက်ရှိ၌ ရဲဌာနတွင် အမျိုးသား ၄၅၈ ဦးနှင့် အမျိုးသမီး ၁၈၀ ဦး စုစုပေါင်း ၆၃၈ ဦး ရှိပြီး၊ အခြေခံ ရဲသင်တန်းကို အမှတ်စဥ် (၁) ကနေ (၈) အထိ ဖွင့်လှစ်ခဲ့သည့်အပြင် ရဲအရာရှိသင်တန်း အမှတ်စဥ် (၁) ကိုလည်း ဖွင့်လှစ်နိုင်ခဲ့သည်ဟု KSP က ဆိုသည်။
KSP ဖွဲ့စည်းပြီးနောက် တစ်နှစ်ထက်တစ်နှစ် ရဲစခန်း၊ လုံခြုံရေးကင်းများ တိုးချဲ့ ဖွင့်လှစ်လာနိုင်ပြီး ရဲအင်အားတိုးလာတာကြောင့် လုပ်ဆောင်ချက်များကို ပိုလုပ်ဆောင်လာနိုင်ခဲ့သည်ဟုလည်း KSP ထံက သိရသည်။
KSP သည် အရေးကြီးသောနေရာများ အမှုအခင်းဖြစ်နိုင်ချေများသည့် နေရာမျိုးနှင့် လူစည်ကားသော နေရာမျိုးတွင် လုံခြုံရေးအရ ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်း၊ ကင်းလှည့်ခြင်းကို ဆောင်ရွက်နေသည်ဟု KSP သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုက ပြောဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် CDM ရဲများနှင့် ဖွဲ့စည်းထားသည့်ကရင်နီပြည်ရဲဌာန (KSP) ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၃ နှစ်တာအတွင်း ရဲစခန်း (၁၄) ခု ၊ လုံခြုံရေး ရဲကင်း (၁၇) ခု၊ မြို့နယ် ရဲဌာနရုံး (၅) ခု ကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။