မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမှန်ကို ထုတ်ဖော်နိုင်သော လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ထပ်မံကတိပေးပြောဆိုသည်။
ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် ၃ ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဘုံသဘောတူညီမှုများ ရရှိခဲ့ကြောင်းလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
“ကျနော်တို့ အစိုးရအနေနဲ့ ပြည်သူ့ဆန္ဒဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေ ဆက်လက် လျှောက်လှမ်းမှာပဲ ဖြစ်တယ်။ ဒီလိုလျှောက်လှမ်းနိုင်ဖို့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရေး လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ အခင်းအကျင်းတွေကို ဆက်လက် ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား မိန့်ခွန်းတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပြီး အချိန်အတိအကျ ကိုတော့ မပြောသေးပေ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လာမည့် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်းစာရင်း ကောက်ယူပြီးမှသာ ရွေးကောက်ပွဲ ပြုလုပ်သွားမည်ဟု ပြောဆိုထားပြီး လက်ရှိတွင် မြို့နယ်တချို့၌ သန်းခေါင်စာရင်း ကောက်ယူနေသည်။
ထိုသို့ စစ်ခေါင်းဆောင်က တရားမျှတသော ရွေးကောက်ပွဲကျင်းပမည်ဟု ပြောဆိုနေသော်လည်း လက်ရှိ မြန်မာ့နိုင်ငံရေး ပဋိပက္ခများကြောင့် ရွေးကောက်ပွဲ ဖြစ်နိုင်ခြေမရှိဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ရှုမြင်သည်။
“သူ (စစ်ခေါင်းဆောင်) အနေနဲ့ အကြိမ်ကြိမ်ပြောနေတာပဲ။ အခုလို နိုင်ငံရေး အကျပ်အတည်းတွေ၊ စီးပွားရေး အကျပ်အတည်းတွေ ဖြစ်နေချိန်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောဆိုတာက စစ်ကောင်စီက ထွက်ပေါက် တစ်ခုအနေနဲ့ ပြောနေတ။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ ရွေးကောက်ပွဲ ကျင်းပဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စဖြစ်တယ်။ ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ ရွေးကောက်ပွဲဖြစ်လာမှာ မဟုတ်ဘူး” ဟု ဦးသန်းစိုးနိုင်က ဆိုသည်။
ယင်းအပြင် စစ်ကောင်စီသည် လာမည့်ရွေးကောက်ပွဲကို အချိုးကျ ကိုယ်စားပြုစနစ် (PR) ဖြင့် ကျင်းပသွားမည်ဟု ပြောဆိုထားသည်။ ထိုသို့ PR စနစ်ကို ကျင့်သုံးခြင်းမှာ စစ်တပ်က အင်အားကောင်းအောင် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းလည်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။
“အရင်ရွေးကောက်ပွဲတွေဆိုရင် မဲအများဆုံးရတဲ့ ပါတီတွေက အပြတ်အသတ် နိုင်တာပေါ့။ အခုက အချိုးစနစ်နဲ့ ကျင်းပမယ်ဆိုတော့ စစ်တပ်က အနိုင်ရပြီးသားဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းက စစ်တပ်က နေရာယူထားတာဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်တပ်က နိုင်ပြီးသားဖြစ်တယ်။ ဆိုတော့ စစ်တပ်က မြန်မာနိုင်ငံကို ပြန်ပြီးတော့ အုပ်ချုပ်ဖို့အတွက် အခုလို PR စနစ်ကို ကျင့်သုံးတာဖြစ်တယ်” ဟု ဦးဖေသန်းက သုံးသပ်သည်။
လတ်တလောတွင် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေး ပါတီဝင်များ၏ စာရင်းကို စစ်ဆေးခြင်းများ ပြုလုပ်နေသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှု ရှိသည်ဟု အကြောင်းပြကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် NLD အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူထားသည်မှာ အချိန် ၂ နှစ်ခွဲကျော် ကြာမြင့်လာပြီဖြစ်ကာ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ပြည်သူများမှာ အကျပ်အတည်း ဒုက္ခမျိုးစုံကို ရင်ဆိုင်ဖြတ်သန်းနေကြရသည်။
အောင်ထိန်(DMG) ပေးပို့သည်။