တနင်္သာရီ၊ ညောင်ပင်ကွင်းဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီလေယာဉ်နှင့် လာရောက်ဗုံးကြဲသွား

0
138
ပုံစာ - ညောင်ပင်ကွင်းတံတားဂိတ် (Photo - Social Media / ပုံဟောင်းဖြစ်ပါသည်)

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လေယာဉ်နှင့် လာရောက်ဗုံးကြဲသွားကြောင်း တောင်ပိုင်းညီနောင်များ တပ်ပေါင်းစုစစ်ကြောင်းထံက သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၉ ရက်နေ့ မနက်ပိုင်းနှင့် ညနေပိုင်းတို့၌ ညောင်ပင်ကွင်းတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တို့က လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် နှစ်ဖက်တပ်ကြား တိုက်ပွဲဖြစ်ပွားချိန် ၆ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက် က တော်လှန်ရေးတပ်ဖွဲ့များ ရှိနိုင်မည့်နေရာများနှင့် ကျေးရွာထဲသို့ လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု တောင်ပိုင်းညီနောင်များ တပ်ပေါင်းစုစစ်ကြောင်းက ပြောသည်။

စစ်ကောင်စီလေယာဉ်နှစ်စီးက ကျောက်မီကျောင်း၊ သကျက်ချောင်းနှင့် သကျက်ကွင်းသစ်ကျေးရွာတို့ကို ဗုံး ၈ လုံး ကြဲချခဲ့သလို စက်သေနတ်တွေနှင့်ပါ ပစ်ခတ်သွားကြောင်း ဒေသခံများထံက သိရသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရတာမရှိပေမယ့် ကျောက်မိကျောင်းကျေးရွာထဲက ဓမ္မရုံတစ်လုံး ပျက်စီးခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ညောင်ပင်ကွင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က အနည်းဆုံး နှစ်ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း တောင်ပိုင်းညီနောင်များတပ်ပေါင်းစုစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက ပြောသည်။

အဆိုပါညောင်ပင်ကွင်းစစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့် သြဂုတ် ၈ ရက်နေ့ကလည်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ သွားရောက်တိုက်ခိုက်ခဲ့သည့်အတွက် ထိုနေ့တစ်နေ့လုံးနီးပါးကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် သြဂုတ် ၇ ရက်နေ့ကလည်း တိုက်ပွဲမရှိဘဲ တနင်္သာရီမြို့နယ် မမသောင်၊ ဆင်ခေါင်း၊ သကျက်၊ ဂဏန်းကွင်း၊ ကွင်းသစ်ကျေးရွာတို့ကို ဗုံးအလုံး ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here