တနင်္သာရီအခြေစိုက် စစ်ကောင်စီတပ် ခလရ (၅၅၆) ကို ဒရုန်းနှင့်ဗုံးကြဲတိုက်ခိုက်

By MPM 17 ဖေ‌ဖော်ဝါရီ, 2024 👁

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် (၅၅၆) ခြေလျင်တပ်ရင်းကို ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့ နေ့လည် ၂ နာရီခန့်က ဇဝဲကျေးရွာအခြေစိုက် ခလရ-၅၅၆ တပ်ရင်းကို ဘက်မလိုက်ပြောက်ကျားအဖွဲ့က ဒရုန်းနှင့် ဗုံးသီး ၆ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုသည်။

ဒရုန်းနှင့်တိုက်ခိုက်ခံရတာကြောင့် တပ်ရင်းမှူးနေအိမ်နှင့် အိမ်ထောင်သည်လိုင်းခန်းများအပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့ ပြန်ကြားရေးတာဝန်ခံကိုဟိန်းက ပြောဆိုသည်။

ဒရုန်းနှင့် တိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီတပ်ကနေ နေ့လယ်၂ နာရီ မှ ညနေ ၄ နာရီ အချိန်ထိ အနီးပတ်ဝန်းကျင် ကျေးရွာများကို လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ရာမှာ လေးမိုင်ကျေးရွာထဲ ကျည်ကျရောက် ပေါက်ကွဲခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့က ပြောသည်။

စစ်ကောင်စီ၏ အမှတ် (၅၅၆) ခြေလျင်တပ်ရင်းသည် ယင်းတပ်ရင်းအရှေ့၌ စစ်ဆေးရေးဂိတ် ဖွင့်လှစ်ပြီး ဒေသခံ အရပ်သားပြည်သူများဆီက ငွေကြေးကောက်ခံတာ ဖမ်းဆီးမှုတွေကို မကြာခဏ လုပ်ဆောင်နေတဲ့အတွက် ဒေသတွင်း နာမည်ဆိုးနဲ့ ကျော်ကြားတယ်လို့ ဒေသခံတို့က ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာလည်း တနင်္သာရီမြို့နယ် ညောင်ပင်းကွင်းအခြေစိုက် ခမရ-၅၆၁ တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဒရုန်းနှင့် ဗုံးသီးအလုံး ၃၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။