တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် ၃ နှစ်ကြာသည်အထိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးငယ်များ ကာကွယ်ဆေးထိုးနှံခွင့် မရရှိကြကြောင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်နေသူများထံမှ သိရသည်။
စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီစစ်ရှောင်စခန်းများတွင် ဆေးဝါးတင်သွင်းခွင့် ကန့်သတ်ခံထားရပြီး စစ်ရှောင်စခန်းမှ ၂ မိုင်ခန့်ဝေးသည့် တနင်္သာရီမြို့ပေါ်တွင် ကာကွယ်ဆေး ရရှိနိုင်သော်လည်း ဒေသခံများသည် လုံခြုံရေးအခြေအနေကြောင့် သွားရောက်ထိုးနှံနိုင်ခြင်း မရှိကြောင်း ကျန်းမာရေးစောင့်ရှောက်နေသူများက ပြောသည်။
စစ်အာဏာသိမ်း ၃ နှစ်တာ ကာလအတွင်း အဆိုပါစစ်ရှောင်စခန်းများရှိ မွေးကင်းစကလေးနှင့် ကိုယ်ဝန်ဆောင် မိခင်တို့ကို မေးခိုင်ကာကွယ်ဆေး DTP တစ်မျိုးသာ ထိုးပေးနိုင်သည်ဟု နွေဦးမေတ္တာ စစ်ရှောင်ကျန်းမာရေး စောင့်ရှောက်ပေးနေသူတစ်ဦးက ပြောသည်။
“ပဋိပက္ခ စစ်ဖြစ်ကတည်းကပေါ့၊ ကျမတို့ဘက်မှာ တိုက်နယ်ဆေးရုံရှိပေမယ့် ဆေးက မရဘူး။ သူတို့နေရာ သွားထိုးလို့ရတယ်။ ဒါပေမဲ့ စစ်သားတွေကရှိတော့ အမတို့ဘက်ကလူတွေ မသွားရဲကြဘူး။ ကျမတို့ဘက်က သုံးနှစ်လုံး တစ်ခါမှမထိုးရတဲ့ ကလေးတွေ တော်တော်များတယ်။ မွေးကင်းစတွေနဲ့ ကိုယ်ဝန်ဆောင်တွေကို မေးခိုင်ကာကွယ်ဆေး (DTP) ပဲ ထိုးပေးနိုင်တယ်။ ကျမတို့မွေးပေးထားတဲ့ ကလေးတွေဆို မွေးစာရင်းတော င်မရှိကြဘူး” ဟု ၎င်းက ပြောသည်။
ပုံမှန်အားဖြင့် မွေးကင်းစအရွယ် မှ တစ်နှစ်ခွဲအရွယ် အတွင်းရှိ ကလေးငယ်များသည် ကာကွယ်ဆေး ၁၂ မျိုးကို ထိုးနှံထားရမည် ဖြစ်ပြီး၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးတစ်မျိုး ထပ်တိုးထားသည့်အတွက် စုစုပေါင်း ကာကွယ်ဆေး ၁၃ မျိုးရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ချက်အရ သိရသည်။
လက်ရှိ၌ ကာကွယ်ဆေး လုံးဝထိုးနှံခွင့် မရရှိကြခြင်းကြောင့် ကလေးငယ်အများစု ဝက်သက်နှင့် အသည်းရောင်အသားဝါ ရောဂါ ဖြစ်ပွားနိုင်ပြီး၊ ရောဂါခုခံနိုင်သည့်အပိုင်းတွင် အခက်ကြုံလာနေသည်ဟု စစ်ရှောင်ကျန်းမာရေးစောင့်ရှောက်နေသူတစ်ဦးက ပြောသည်။
“တစ်နှစ်လောက်ပဲ ကြာတုန်းက ကိုယ်ဝန်ဆောင်တွေ သိပ်မများသေးဘူး။ အခုနောက်ပိုင်း ကလေးတွေ တော်တော်များလာတယ်။ ကိုယ်ဝန်ဆောင်နဲ့ ပတ်သတ်တဲ့ အားဆေးတွေ ဘာမှမပေးနိုင်ဘူး၊ ကလေးတွေရော မိခင်ရော ၄၀ ကျော် လောက်ရှိတယ်” ဟု အဆိုပါစစ်ရှောင်နေရာများတွင် ကူညီဆောင်ရွက်နေသည့် တွဲလက်ညီညီ စစ်ရှောင်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံက ပြောဆိုသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ အဆိုပါစစ်ရှောင်စခန်းတို့တွင် အိမ်ခြေစုစုပေါင်း ၃၀၀ ခန့်ရှိပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် ကလေးငယ်အများစု ပါဝင်နေသော်လည်း ကျန်းမာရေးစောင့်ရှောက်မှု အာဟာရဖြည့်စွက်မှုများ အလုံအလောက် ထောက်ပံမပေးနိုင်ကြကြောင်း စစ်ဘေးရှောင်ကူညီနေသူတို့က ပြောသည်။
ကာကွယ်ဆေးအပြင် အခြားဆေးဝါးနှင့် စားနပ်ရိက္ခာများ ရရှိရန် အဆင့်ဆင့်ဆက်သွယ်မှာယူနေရပြီး ယခုလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ငှက်ဖျားရောဂါ ဖြစ်ပွားနေရာတွင် စစ်ကောင်စီတပ်က ကန့်သတ်ပိတ်ပင်မှုကြောင့် ဆေးဝါးမလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီဌာန၏ စာရင်းများအရ စစ်တပ်အာဏာသိမ်းသည့် ကာလမှ စ၍ စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသတို့တွင် မွေးကင်းစမှ အသက် ၅ နှစ်အထိ ကလေးငယ် သုံးသန်းနီးပါး ကာကွယ်ဆေးထိုးခွင့် ဆုံးရှုံးနေရကြောင်း ပြောဆိုထားသည်။
IMNA ပေးပို့သည်။