တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် အရပ်သား၂ ဦး သေဆုံးပြီး၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့က တနင်္သာရီမြို့နယ် မြို့ဟောင်းရွာနေ အဒေါ်ဖြစ်သူထံ အလည်သွားသည့် အောက်ကင်းရွာသား အသက် ၂၄ နှစ်အရွယ် ကိုနေဇော်ဦးသည် အမှတ် (၃၀၆) အမြောက်တပ်အနီး မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံးခဲ့တယ်လို့ ရွာခံများက ပြောဆိုသည်။
ယင်းနေ့မှာပင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ကင်းရှေ့ကျေးရွာအနီးက ရော်ဘာခြံအတွင်း ဆော့ကစားနေသည့် အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦး မြေမြှုပ်မိုင်းနင်းမိခဲ့ရာ ပေါက်ကွဲမှုကြောင့် ညာဘက်ခြေထောက် ပြတ်တောက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ မြို့ဟောင်းရွာမှ မော်တုန်းရွာကို ပြန်လာသည့် မော်တုန်းရွာခံ အသက် ၆၂ နှစ်အရွယ် ဦးဟာဂျီသည် အမှတ် (၃၀၆) အမြောက်တပ်အနီး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ ဒေသခံတို့ထံမှ သိရသည်။
ယင်းအပြင် ဖေဖော်ဝါရီ ၁၂ ရက်နေ့က သရက်ချောင်းမြို့နယ်၊ ပန်းတော့ရွာအနီး ရော်ဘာခြံသို့ ရော်ဘာအစေးခြစ် သွားသည့် ကြာအင်းကျေးရွာနေ အသက် ၄၀ ကျော်အရွယ် ဒေါ်မြင့်သန်းသည် မြေမြှုပ်မိုင်းနင်းမိပြီး ခြေဖဝါး ပြတ်တောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရွာခံများက ပြောသည်။
ဒေသခံများ၏ ပြောပြချက်အရ မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုတွေက စစ်ကောင်စီတပ် အနီးပတ်ဝန်းကျင် ကိုက် ၃၀၀ အကွာ ပတ်လည်တွေမှာ အများဆုံး ဖြစ်ပွားနေတာလို့ ဆိုကြသည်။
မြေမြှုပ်မိုင်း မကြာခဏ ပေါက်ကွဲမှုတွေကြောင့် တနင်္သာရီမြို့နှင့် သရက်ချောင်းမြို့နယ်တို့မှ ဒေသခံတွေဟာ လုပ်ငန်းခွင် သွားလာကြဖို့နှင့် ခရီးသွားလာကြဖို့အတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေကြပြီး မိုင်းရှင်းလင်းရေး တွေကို လုပ်ဆောင်ပေးဖို့ လိုလားနေကြောင်း ပြောဆိုကြသည်။
ပြုစုထားသည့် သတင်းအချက်အလက် မှတ်တမ်းများအရ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း တနင်္သာရီတိုင်းတွင် မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁၅ ဦး ထက်မနည်း သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရှိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။