တနင်္သာရီမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီ လေယာဉ်နှင့်ဗုံးကြဲ

By MPM 8 အောက်တိုဘာ, 2024 👁

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ အင်းရှည်ကုန်းနှင့် သိန္ဓောကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်နှင့် ဗုံး ၁၀ လုံးထက်မနည်း ကြဲချခဲ့ကြောင်း ဒေသခံများနှင့် မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း ၂ ထံက သိရသည်။

အောက်တိုဘာ ၇ ရက်နေ့ မနက် ၉ နာရီခန့်တွင် မြိတ်လေတပ်က တက်လာသော တိုက်လေယာဉ်တစ်စီးသည် အင်းရှည်ကုန်းရွာဘက်ကို ဗုံး ၆ လုံးထက်မနည်း ကြဲချခဲ့တဲ့သည့်အတွက် ကျေးရွာဆေးပေးခန်းအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင် သိန္ဓောကျေးရွာကိုလည်း ဗုံး ၅ လုံး ကြဲချသွားခဲ့ရာ ကျေးရွာအစပ်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိဘူးကြောင်း ဒေသခံတို့ထံမှ သိရသည်။

မြိတ်ခရိုင်ပူးပေါင်စစ်ကြောင်း ၂ တာဝန်ခံက ထိုသို့ဗုံးကြဲတိုက်ခိုက်မှုက ကျေးရွာဆေးပေးခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ပြောဆိုသည်။

တနင်္သာရီမြို့နယ်ရှိ အဆိုပါကျေးရွာနှစ်ရွာကို စစ်ကောင်စီဘက်က လေယာဉ်နှင့်ဗုံးကြဲချသွားပေမယ့် ဒေသခံများ ထိခိုက်မှုမရှိဘဲ ဆေးခန်းအဆောက်အဦး ထိမှန်မှုသာရှိပြီး ဒေသခံနေအိမ်များ ပျက်စီးမှုလည်း မရှိကြောင်း သိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် အနောက်မော်တုန်းရွာကို စစ်ကောင်စီတပ်က ဒရုန်းနှင့်ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၁ ဦးသေဆုံးပြီး စာသင်ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

လက်လှမ်းမီပြုစုထားသည့် သတင်းအချက်အလက်များအရ နှစ်ဖက်တပ်အကြား စစ်ရေး ပြန်လည်တင်းမာနေသည့် တနင်္သာရီမြို့နယ်ထဲတွင် ပြီးခဲ့သည့် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ရှိခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။