တနင်္သာရီတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၇ ဦး ဒဏ်ရာရ

By MPM 4 မတ်, 2025 👁 6

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေကြောင်းနှင့် တိုက်ခိုက်တာကြောင့် ကလေး ၃ ဦးအပါအဝင် အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများနှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

တနင်္သာရီမြို့နယ်ရှိ သမီးလှကျေးရွာနှင့် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ရှိ ဝင်းကဖော်ကျေးရွာတို့ကို မတ် ၃ ရက်နေ့က စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်နှင့် ဗုံးလာရောက်ကြဲချ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဒေသခံတို့၏ ပြောပြချက်အရ စစ်ကောင်စီ၏ မြိတ်လေတပ်မှ ပျံသန်းလာသော ဂျက်ဖိုက်တာတိုက်လေယာဉ်က တနင်္သာရီမြို့နယ်ရှိ သမီးလှကျေးရွာကို အရင် ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီးနောက် သရက်ချောင်းမြို့နယ် ဝင်းကဖော်ကျေးရွာကို ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သမီးလှကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး၊ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် သက်ကြီးပိုင်း အမျိုးသမီးတို့ ၃ ဦး အသီးသီးဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြပြီး နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အလားတူ ဝင်းကဖော်ကျေးရွာ လေကြောင်းတိုက်ခိုက်မှုတွင် အသက် ၆၀ နှစ်အရွယ် အမျိုးသမီးကြီး ၁ ဦး၊ အသက် ၅၀ နှစ်အရွယ် အမျိုးသား ၁ ဦး အပါအဝင် သားအဖနှစ်ဦးဖြစ်သည့် အသက် ၃၇ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၁၀ နှစ်အရွယ် ယောင်္ကျားလေး ၁ ဦး စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေါင်းညီနောင် စစ်ကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယင်းတို့ထဲတွင် သက်ကြီးပိုင်းအမျိုးသားနှစ်ဦးမှာ ထိခိုက်ဒဏ်ရာပြင်းထန်တာကြောင့် စိုးရိမ်ရသည့် အခြေအနေရှိနေပြီး လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့ဘက်က ဆေးဝါးကုသမှု ပေးနေသည်ဟု ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီသည် တနင်္သာရီတိုင်းထဲက မြို့နယ်များရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံအများစုမှာ စိုးရိမ်ကြောက်လန့်စိတ်နဲ့ နေနေရကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုရှိ မာရမ်းချောင်းကျေးရွာတွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။