တနင်္သာရီတွင် လက်နက်ကြီးကျလို့ စစ်ဘေးရှောင်ပြည်သူ ၂ ဦးသေဆုံး

By MPM 22 မတ်, 2025 👁 4

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ချောင်းလမုကျေးရွာတွင် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ ဦး သေဆုံးပြီး၊ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့နှင့် မြိတ်ခရိုင်ပကဖ ပြောဆိုမှုအရ သိရသည်။

စစ်ကောင်စီတပ်က မတ်လ ၂၁ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် ချောင်းလမုကျေးရွာထဲကို လက်နက်ကြီး ၃ လုံး ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ချောင်းလမုကျေးရွာထဲကို ရိက္ခာလာပြန်ယူသည့် ရွာခံစစ်ဘေးရှောင် ပြည်သူတို့ဖြစ်သည့် ကိုသောင်းပုနှင့် မမီးမဲ့တို့ ထိမှန်သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က အဆိုပါဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိလည်း လက်နက်ကြီးအပါအဝင် ဒရုန်းနှင့် တိုက်ခိုက်မှုတို့ကို ပိုမိုလုပ်ဆောင်နေသည့်အတွက် ဒေသခံပြည်သူများအနေနှင့် အထူးသတိထားကြရန် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖတာဝန်ခံက ပြောဆိုသည်။

တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာအုပ်စုထဲရှိ သိန်းခွန်၊ ချောင်းလမု ကျေးရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ လချီရှိလာတာကြောင့် စစ်ဘေးရှောင်ပြည်သူများသည် စားနပ်ရိက္ခာ အခက်အခဲများရှိလာလို့ တိုက်ပွဲဖြစ်နေသည့်ကြားကနေ ရိက္ခာရရှိရေး အရဲစွန့်နေအိမ်ပြန်ယူမှုတို့ကို ပြုလုပ်နေကြရသည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့ကစ၍ ထုံမခါ၊ ရေဖြူ၊ သိန်းခွန်၊ ချောင်းနှစ်ပေါက်ရွာ အနီးဝန်းကျင်၌ တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားနေတာကြောင့် ဒေသခံ ၃၀၀၀ ကျော်သည် စစ်ဘေးရှောင်နေရတာ ၃ လကျော် အထိ ရှိလာပြီဟု သိရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။