တနင်္သာရီတွင် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ PDF ထံ အလင်းဝင်

By MPM 6 မတ်, 2025 👁 3

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က စစ်ကောင်စီ၏ ဇဝဲကျေးရွာအခြေစိုက်တပ်စခန်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာကြောင်း မတ် ၅ ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ဇဝဲကျေးရွာအခြေစိုက် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦးသည် တနင်္သာရီမြို့အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေချိန် လက်နက်ခဲယမ်းနှင့်အတူ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာသည်ဟု ဆိုသည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ဝေလင်းထွန်း ကိုယ်ပိုင်အမှတ် တ- ၅၇၄၃၁၅ ဖြစ်ပြီး MA2 သေနတ် တစ်လက်၊ ကျည်တောင့် ၂၀၊ ကျည်ဘောင့်တစ်ခုနဲ့အတူ အလင်းဝင်လာသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

အလင်းဝင်လာသည့် တပ်သားဝေလင်းထွန်းကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်ခဲယမ်းများပါ ယူဆောင်လာတာကြောင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၆၀ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါစစ်ကောင်စီတပ်သားသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့က အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးအခြေအနေကြောင့် ယခုမှထုတ်ပြန်ရခြင်းဖြစ်သည်ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ် ပကဖအနေဖြင့် CDM အလင်းဝင်ရောက်လာသူများနှင့် စစ်မှုထမ်း အမိန့်ကြေညာချက်ကြောင့် စစ်သားစုဆောင်းခံရသူများအပါအဝင် ပြည်သူဘက်ရပ်တည်လိုသော တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တို့နှင့် ချိတ်ဆက်ပြီး အလင်းဝင်ရောက်နိုင်ကြောင်း တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းကာလအတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသည့် စစ်ကောင်စီတပ်သားနှင့် ရဲတစ်သောင်းခွဲနီးပါးရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။