တနင်္သာရီတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၇ ဦး သေဆုံး

By MPM 21 စက်တင်ဘာ, 2024 👁

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် လသာကျေးရွာအနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့သည်ဟု မြိတ်မြို့နယ် ပကဖထံက သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်က တပ်အင်အား ၄၀ ကျော်နှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တနင်္သာရီမြို့ လသာကျေးရွာအနီး ဆီအုန်းတောအစပ်တွင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်မြို့နယ် ပကဖက ပြောသည်။

စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီးနောက်၌ ထပ်မံပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး မျက်မြင်သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိသည်ဟု မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ပြောဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရခြင်းကြောင့် အထိနာသွားသည့် စစ်ကောင်စီစစ်ကြောင်းသည် ရှေ့ဆက်မတိုးဘဲ ဇဝဲ အခြေစိုက်တပ်ထံ ပြန်လည်ဆုတ်ခွာသွားသည်ကို သိရှိရကြောင်း အဆိုပါတာဝန်ခံက ဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်၂၉ ရက်နေ့က စပြီး ပိန်းတောကျေးရွာဘက်ကို တပ်ချိန်းဖို့ရန် အင်အား ၉၀ ဝန်းကျင်နှင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ခြောက်မိုင်ကျေးရွာအနီး၌ တော်လှန်ရေးပူးပေါင်းတပ်ဘက်က စတင်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်ဟု ၎င်းကဆိုသည်။

ယင်းနောက်ပိုင်း စစ်ကောင်စီတပ်ဘက်က စစ်ကူအင်အားထပ်ဖြည့်လာရာက ဘန်လော၊ ညောင်ပင်ကွင်း၊ ခြောက်မိုင် ကျေးရွာများဘက်တွင် နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေသည်ဟု ဆိုသည်။

နှစ်ဖက်တပ်ကြား တိုက်ပွဲများကြောင့် ခြောက်မိုင်၊ ထုံတော်၊ ဘန်လော၊ ညောင်ပင်ကွင်း၊ တနင်္သာရီနှင့် ရေခမ်းချောင်းကျေးရွာများက ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးကြောင်း သိရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။