တနင်္သာရီတိုင်းအတွင်း နွေဦးတော်လှန်ရေးတိုက်ပွဲများတွင် တပ်စခန်းများ တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရသည့် စစ်ကောင်စီတပ်က နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရန် စစ်ကြောင်းထိုးခြင်း၊ အင်အားဖြည့်တင်းမှု တောက်လျှောက်ပြုလုပ်လာသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောဆိုသည်။
ပြီးခဲ့သည့် ဇွန်လအတွင်း၌ တပ်စခန်း ၃ ခု ထက်မနည်း လက်လွှတ်ဆုံးရှုံးခဲ့သော စစ်ကောင်စီတပ်သည် မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်အတွင်းက ထားဝယ်ရေနက်ဆိပ်ကမ်းတည်ရှိရာ ရေဖြူမြို့နယ်နှင့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတလျောက်တွင် စစ်ကြောင်းထိုးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
တော်လှန်ရေးအင်အားစုများဘက်ကလည်း နယ်မြေစိုးမိုးမှုအတွက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို လမ်းတလျှောက်တွင် ကြားဖြတ်တိုက်ခိုက်သည့်အပြင် နှစ်ဖက်ထိတွေ့တိုက်ပွဲများလည်း ပြင်းထန်ခဲ့ကြသည်။
ယခုလအတွင်း စစ်ကောင်စီတပ်က ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် အင်အားဖြည့်တင်းတာနှင့် လက်နက်ခဲယမ်းရိက္ခာများ ဖြည့်တင်းမှုတွေကို ခပ်စိပ်စိပ် လုပ်ဆောင်လာကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ထားဝယ်ခရိုင်မှာဆိုရင်တော့ ရေဖြူမြို့နယ်ကို အဓိကထားပြီး စစ်ကြောင်းထိုးတာတွေ၊ နယ်မြေရှင်းလင်းတာ တွေ လုပ်ဆောင်ခဲ့တယ်။ အဲဒါပြီးတော့ ဒီတစ်လထဲမှာဆိုရင်တော့ လောင်းလုံးမြို့နယ်ပေါ့နော်၊ လောင်းလုံး မြို့နယ်ကို စစ်အင်အားရာချီလောက်ပေါ့။ အဲဒီလိုသုံးပြီးတော့ လောင်းလုံးမြို့ထဲမှာရှိတဲ့ စစ်တပ်စခန်းတွေကို စစ်ကူပေးတာတွေ ခြေလျင်စစ်ကြောင်းနဲ့ စစ်အင်အားဖြည့်တင်းတာတွေ အဲဒီလိုမျိုးရှိတယ်ဗျ။ နောက်ပြီးတော့ ရေကြောင်းနဲ့ လက်နက်ရိက္ခာတွေ ထောက်ပံ့ပေးတာမျိုးလည်း အခုတစ်လအတွင်းမှာ ခပ်စိပ်စိပ်လုပ်လာတယ် ပေါ့နော်” ဟု ၎င်းက ပြောဆိုသည်။
မြိတ် – ထားဝယ် ကားလမ်းပိုင်းပေါ်ရှိ စစ်ကောင်စီအတွက် အရေးပါသော ပဲဒက်စခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်က သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီက ထိုစခန်းပြန်ရရှိရေးအတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေးဖြင့် ဟန်ချက်ညီ အသုံးပြုလာပေမယ့် စခန်းပြန်လည်တပ်စွဲနိုင်ခြင်းမရှိဟု ၎င်းက ဆက်ပြောသည်။
တစ်ဘက်တွင်လည်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နှင့် စစ်ကြောင်းထိုးဝင်ရောက်သည့် ကျေးရွာများရှိ ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်း၊ သတ်ဖြတ်သည့်အပြင် နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးလျက် ရှိနေသည်။
စစ်ကောင်စီတပ်က နယ်မြေစိုးမိုးမှုအတွက် စစ်ကြောင်းထိုးလှုပ်ရှားချိန်တွင် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များကိုပါ အသုံးပြုလာသည်ဟု မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“အခု ကျွန်တော်ဘက်ကိုဆိုရင် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ အပတ်စဉ် သင်တန်းဆင်းတွေပေါ့။ ဒီအပတ်စဉ် ၁ ၊ ၂ အဲဒီ ၁ ၊ ၂ တွေပေါ့။ ကျွန်တော်တို့ဘက်ကို အခုဆိုရင် အလုံးအရင်းနဲ့ ထိုးလာလို့ ပြန်ပြီးတော့ သူတို့နယ်မြေ တွေကိုရဖို့အရေးကို ပြန်ပြီးတော့ ထိုးစစ်ဆင်တယ်လို့ပဲ အဲဒီလိုပဲသဘောထားရမယ်” ဟု အဆိုပါတာဝန်ခံ ပြောဆိုသည်။
ယင်းအပြင် စစ်ကောင်စီတပ်က နယ်မြေစိုးမိုးရေးအတွက် ကျေးရွာများကို စစ်ကြောင်းထိုးလာချိန်တွင် လက်နက်ကြီးနှင် ရမ်းသမ်းပစ်ခတ်တာ၊ လေကြောင်းအသုံးပြု တိုက်ခိုက်မှုများကိုပါ လုပ်ဆောင်နေသည်ဟု ၎င်းက ဆက်ပြောသည်။
တနင်္သာရီတိုင်းတွင် ပြီးခဲ့သော ဇွန်လအတွင်း၌ စစ်ကောင်စီတပ်နှင့် လက်ဝေခံအဖွဲ့တို့၏ ဖမ်းဆီးသတ်ဖြတ်မှု အပြင် လက်နက်ကြီး၊ လေယာဉ်တိုက်ခိုက်မှုများကြောင့် အသက် ၈ လအရွယ် ကလေးငယ်အပါအဝင် အရပ်သား ၁၃ ဦး သေဆုံးခဲ့သည်ဟု FE5 Tanintharyi ၏ အစီရင်ခံစာအရ သိရသည်။
စစ်ကောင်စီ၏ နယ်မြေရှင်းလင်းရေးခေါင်းစဉ်နှင့် ရက်ရှည်စစ်ကြောင်းထိုး ဝင်ရောက်မှုများကြောင့် တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင်ဦးရေ ၅၀,၀၀၀ ကျော် အထိ ရှိလာကြောင်း အစီရင်ခံစာ ထုတ်ပြန်ချက်များအရ သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ကျွန်းစုမြို့နယ်၊ လောင်းလုံးမြို့နယ်နှင့် ကော့သောင်းမြို့နယ်ဘက်တွင် စစ်ကြောင်းထိုး ဝင်ရောက်လှုပ်ရှားမှုများရှိနေပြီး ပုလောနှင့် သရက်ချောင်းမြို့နယ်တို့တွင်လည်း နှစ်ဖက် စစ်ရေးတင်းမာနေကြောင်း သိရသည်။
ပြုစုထားသော အချက်အလက်များအရ အခုနှစ်ဆန်းပိုင်းကစပြီး တနင်္သာရီတိုင်းရှိ မြို့နယ်များတွင် တော်လှန်ရေး အင်အားစုပူးပေါင်းတပ်များက စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၁၂ ခုထက် မနည်းကို သိမ်းပိုက်ထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်။