1 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းတနင်္သာရီတိုင်းတွင် စစ်ကောင်စီက ဖြတ်လေးဖြတ်ဗျူဟာ ပိုအသုံးပြုလာနေ

တနင်္သာရီတိုင်းတွင် စစ်ကောင်စီက ဖြတ်လေးဖြတ်ဗျူဟာ ပိုအသုံးပြုလာနေ

တော်လှန်ရေးကာလကြာမြင့်လာသည်နှင့်အမျှ စစ်ရေးပြင်းထန်လာသည့် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီက အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီသယ်ယူခွင့်အပါအဝင် ဖြတ်လေးဖြတ်စနစ်ကို ပိုကျင့်သုံးလာသည်ဟု ဒေသတွင်း သုတေသနအဖွဲ့ဖြစ်သည့် FE 5 Thanintharyi ထံက သိရသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီနှင့် ပုလောမြို့နယ်အပြင် ထားဝယ်ခရိုင်အတွင်း မြို့နယ်များရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တို့က အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီသယ်ယူခွင့်ကို ယခင်ကထက် ပိုမိုတင်းကြပ်လာခြင်းဖြစ်သည်ဟု FE 5 Thanintharyi က ဆိုသည်။

ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်မြို့ပေါ်ကလွဲပြီး ကျန်သည့်မြို့နယ်များနှင့် ကျေးရွာမျာကို စက်သုံးဆီမရောင်းချရန် စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဧပြီလနောက်ဆုံးအပတ်၌ စက်သုံးဆီးတင်ပို့ရောင်းချသူတို့ကို ညွှန်ကြားထားသည်ဟု သိရသည်။

တနင်္သာရီတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားသည့် မြို့နယ်များရှိ ကျေးရွာအုပ်စုကိုသာ စစ်ကောင်စီက ဖြတ်လေးဖြတ်စနစ် ပြုလုပ်လေ့ရှိပြီး ယအခုနှစ်အတွင်း ပိုမိုတင်းကြပ်လာခဲ့တာဖြစ်သလို ထားဝယ်မြို့ကနေ ပိတ်ပင်မှုတွေ ပိုမိုပြုလုပ်လာတယ်လို့ FE 5 Thaninntharyi ရဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုလို စစ်ကောင်စီက ဖြတ်လေးဖြတ်စနစ် ပိုမိုပြုလုပ်တာကြောင့် ဒေသခံများအနေနှင့် ရာသီသီးနှံများထွက်ပေါ်ချိန် မြို့ပေါ်တက်ပြီး ရောင်းချရတာကြောင့် ပိုမိုအခက်အခဲဖြစ်နေသည်ဟု ဆိုသည်။

ယင်းအပြင် ဖြတ်လေးဖြတ်ပြုလုပ်ခံရသည့် ဒေသတို့တွင် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီသယ်ယူရာ၌ တောလမ်းကိုသာ အသုံးပြုရတာကြောင့် ကုန်ဈေးနှုန်းမှာ ယခင်ကထက် သုံးဆနီးပါး ပိုမိုမြင့်တက်လာခဲ့သည်။

တောလမ်းသည်လည်း နွေဘက်တွင်သာ အသုံးပြုရတာဖြစ်ပြီး လက်ရှိ မိုးတွင်းကာလ ရေကြီးရေလျှံမှုကြောင့် တောလမ်းကိုအသုံးပြုရန် အဆင်မပြေတာကြောင့် အခက်အခဲများ ပိုမိုကြုံတွေ့နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလကလည်း မြိတ်မြို့နယ် ကြေးနန်းတိုင်စစ်ဆေးရေးဂိတ်၌ စားသုံးဆီသယ်ယူလာသည့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက စားသုံးဆီသယ်ယူရာတွင် တစ်ဗူးပိုသယ်လာတာကြောင့် ထိုဆီတစ်ဗူးကို အကုန်သောက်ခိုင်းခဲ့ရာမှ အမျိုးသမီးသေဆုံးခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။